နေပြည်တော် နိုဝင်ဘာ ၃
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် လမ်းညွှန်မှာ လမ်းညွှန်မှာကြားချက် များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက အစွမ်းကုန်အားထုတ် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးစီးမှုကို ပြန်လည် တင်ပြပေးစေလိုကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့်နည်းလမ်းများကို ဝိုင်းဝန်းအကြုံပြု ဆွေးနွေးပေးစေလိုကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု အခြေအနေနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးထပ် စိုက်ပျိုးနိုင်ရေး၊ မွေးမြူရေးထုတ်ကုန်များအား တန်ဖိုးမြှင့်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပစဉ် နေပြည်တော် ကောင်စီဥက္ကဋ္ဌက ယင်းသို့ ပြောကြားခဲ့ခြင်းသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေ၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးထပ်စိုက်ပျိုးနိုင်ရေး၊ မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ရောင်းချ နိုင်ရေးဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပြန်လည်ဖြည့်စွက် ဆွေးနွေးသည်။
ထို့ပြင် အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများ အဆင့်မြင့်ပညာသင်ကြားနိုင်ရန်အတွက် Naypyitaw State Academy (NSA) တက္ကသိုလ် တွင် တက်ရောက်ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများ Naypyitaw State Academy (NSA)တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနိုင်ရေး အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ ကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ နေပြည်တော်သည် ပညာရေးမြို့တော် ဖြစ်စေရေးနှင့် ပညာရေးကဏ္ဍများကို ဘက်စုံစံပြဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က Naypyitaw State Academy (NSA)တက္ကသိုလ်တွင် အစိုးရဝန်ထမ်းများ၏ သားသမီးများ အပါအဝင် နေပြည်တော်အတွင်းရှိ ဒေသခံ ပြည်သူများ၏ သားသမီးများ တက်ရောက်ပညာ သင်ကြားနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က Naypyitaw State Academy (NSA)တက္ကသိုလ်တွင် ကျောင်းအပ်လက်ခံဆောင်ရွက်နေမှု၊ ပညာသင်ကြားမည့် အခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)