ဘားအံ နိုဝင်ဘာ ၃

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ကရင်ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က မိမိတို့ တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာနသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ တိုင်းရင်းသားများအတွက် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သက်ဆိုင်ရာဝ န်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ မြင့်မားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူငယ်များ ပြည်ပအလုပ်အကိုင်များ ရရှိရေး အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။

 

တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/ဆရာမများ ခန့်ထားရေးနှင့် ပတ်သက်ပြီးလည်း ပညာရေး ဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာပြီး ပေးအပ်သောတာဝန်များနှင့် တိုင်းရင်းသား အရေးကိစ္စရပ်များကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)