ပြည် နိုဝင်ဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့် ဂုဏ်ပြုခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ နံနက်ပိုင်းက ပြည်မြို့ရှိ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲ ရေးမှူးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ရဲဗလတံဆိပ် ချီးမြှင့်ခံရသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၁၁)ဦး၊ ရာအိမ်မှူး (၆)ဦး၊ ဆယ်အိမ်မှူး(၁) စုစုပေါင်း(၁၉)ဦးတို့ကို ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင် ရဲရဲဝံ့ဝံ့နှင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်ကို ပဲခူးခရိုင်မှ(၇)ဦး၊ ညောင်လေးပင်ခရိုင်မှ (၉)ဦး၊ တောင်ငူခရိုင်မှ (၁၀)ဦး၊ ပြည်ခရိုင်မှ(၂)ဦး၊ နတ်တလင်းခရိုင်မှ (၉)ဦး၊ သာယာဝတီခရိုင်မှ (၈)ဦး၊ စုစုပေါင်း(၄၅)ဦးရရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းဖြစ်သည့် ပြည်ခရိုင်၊ နတ်တလင်းခရိုင်၊ သာယာဝတီ ခရိုင်တို့မှ စုစုပေါင်း(၁၉)ဦး ရဲဗလတံဆိပ်တံဆိပ်ချီးမြှင့် အပ်နှင်းခံရကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် တိုးချဲ့(၂)ထပ်ဆောင် အသစ်တည်ဆောက်မည့် ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ပန္နက်တိုင်များစိုက်ထူကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြ ကြောင်းနှင့် ကြို့ပင်ကောက်မြို့ရှိ သဘာဝ Resin စားပွဲနှင့် သစ်သားပရိဘောဂ အရောင်းပြခန်းနှင့် တိုးမြင့် ဒိန်ချဉ်ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုပြီး နို့စားနွား တိုးချဲ့မွေးမြူနိုင်ရေးအတွက် မြေနေရာ ရှာဖွေရန်နှင့် FDA ခွင့်ပြုချက်ရရှိနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)