နေပြည်တော်       နိုဝင်ဘာ      ၄

 

“ရခိုင်ပြည်နယ်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ပြည်တွင်း၌ လိုအပ်သည့် ပစ္စည်းများကို ပြည်တွင်းမှာပင် ထုတ်လုပ်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းပေးရာ ရောက်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ ရန်လိုသကဲ့သို့ လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့် အခက်အခဲများကို ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ကူညီဆောင်ရွက်ပေးကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးသွားမည်

ဖြစ်ကြောင်း” ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြပွဲ၊ ပြသနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြပွဲ၊ ပြသနိုင်ရေး ကော်မတီဖွဲ့စည်းထားရှိမှုကို ဆွေးနွေးတင်ပြသည်။ ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြပြီး MSME လုပ်ငန်းရှင်များက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြပွဲ၊ ပြသနိုင်ရေးနှင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်