ရန်ကုန် နိုဝင်ဘာ ၅

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုပ်ရှင်နှင့်ဗီဒီယို လောကသားများ၏ ကထိန်လျာသင်္ကန်နှင့် လှူဒါန်းဖွယ်ဝတ္ထု၊ ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်လမ်းရှိ နာဂလှိုဏ်ဂူ၊ ကလေးဝတောရကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကထိန်ဒါယကာ၊ ဒါယိကာမများက နာဂလှိုဏ်ဂူ ကလေးဝတောရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် စွယ်တော်မြတ်စေတီ ဩဝါဒါစရိယ သီရိသာသနာ့ဓဇ ပါဠိဓမ္မာစရိယ မဟာမင်္ဂလဓမ္မဇောတိကဓဇ လယ်တီကမ္မာဋ္ဌာနာစရိယ ဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်တို့က မေတ္တသုတ်ပရိတ်တရား‌တော်များ ရွတ်ဆိုကြသည်။ ‌ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် စည်သူဦးကြည်စိုးထွန်းက ကထိန်အလှူ လှူဒါန်းဖြစ်ပုံနှင့် ကလေးဝတောရကျောင်းတွင် လှူဒါန်းဖြစ်ပုံများကို လျှောက်ထားပြီး ကလေးဝတောရ ဆရာတော်အား ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။ ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီးများ၊ ဧည့်သည်တော်များနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုပ်ရှင်နှင့်ဗီဒီယို အနုပညာလောကသား မိသားစုများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းဝတ္ထုများကို ပင့်သံဃာအရှင်သူမြတ်များထံ ဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် အခမ်းအနားတက်‌ရောက်ကြသူများက နာဂလှိုဏ်ဂူ ကလေးဝတောရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် စွယ်တော်မြတ်စေတီ ဩဝါဒစရိယ သီရိသာသနာ့ဓဇပါဠိဓမ္မာစရိယ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ လယ်တီကမ္မာဋ္ဌာနာစရိယဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂထံမှ အနုမောဒနာတရားနားယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုပ်ရှင်နှင့်ဗီဒီယို လောကသားများက နာဂလှိုဏ်ဂူ ကလေးဝတောရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာ‌လေးများကို ဆွမ်းလောင်းလှူဒါန်းကြသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုပ်ရှင်နှင့်ဗီဒီယိုလောကသားများ၏ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းသော ပစ္စည်းတန်ဖိုးနှင့် ငွေသားတန်ဖိုး စုစုပေါင်းမှာ ငွေကျပ် ၉၇၉၇၀၀၀ ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)