ပဲခူး နိုဝင်ဘာ ၅

ပဲခူးမြို့တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများ၊ WCC အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူးများ၊ ကျန်ရစ်သူမိသားစုများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက မြို့နယ်လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ မဟာဓာတ်အားလိုင်းမှူးရုံး (ကမာနတ်)မှ အာမခံအလုပ်သမား ဦးစိုးသီဟဦး၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၉၉,၀၀,၀၀၀ ကို ဇနီးဖြစ်သူ ဒေါ်ဆွေဆွေဦးအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ပဲခူးစက်မှုဇုန် Bago Sports Gloves Co., Ltd စက်ရုံမှ အာမခံအလုပ်သမား ဦးသန်းကျော်အောင်၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ကျပ် ၄၇,၁၉,၀၀၀ ကို ဖခင်ဖြစ်သူ ဦးအောင်မျိုးလွင်အား လည်းကောင်း ပေးအပ်သည်။ ယင်းနောက် ပဲခူးမြို့ မဟာဓာတ်အားလိုင်းမှူးရုံး (ကမာနတ်)မှ ဒုတိယဦးစီးမှူး ဒေါ်သီတာထွန်းက ကျန်ရစ်သူ အကျိုးခံစားခွင့်ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)