ရန်ကုန် ၁၀ ဖေဖော်ဝါရီ
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၉ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အကြိုခြေစစ်ပွဲဒုတိယအဆင့် ယှဉ်ပြိုင်ရန် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
ရန်ကုန်အသင်းသည် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဆီရက်စ်အသင်းကို အနိုင်ရခဲ့သည့် ကစားသမားအများစုဖြင့် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ရန်ကုန်အသင်းသည် အကြိုခြေစစ်ပွဲ ပထမအဆင့်တွင် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းကို အဝေးကွင်းတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ချင်းရိုင်ယူနိုက်တက်နှင့်ပွဲကိုလည်း အဝေးကွင်းသာ ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရန်ကုန်အသင်းတွင် ဆီရက်စ်အသင်းကို အနိုင်ရခဲ့သည့်လူစာရင်းမှ ဒဏ်ရာရနေသည့် ကျော်ဇင်ဦးတစ်ဦးတည်းသာ ပြန်ပါလာခြင်းမရှိဘဲ ၎င်းအစား ပြည့်ဖြိုးအောင်ကို အစားထိုးရွေးချယ်ခဲ့သည်။ ချင်းရိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်မည့် ရန်ကုန်အသင်းတွင် အဖွဲ့ခေါင်းဆောင်-ဦးနိုင်ဇော်မင်း၊ အုပ်ချုပ်သူ-ဦးမြင့်သိန်း၊ နည်းပြချုပ်-ဦးမျိုးမင်းထွန်း၊ နည်းစနစ်ဒါရိုက်တာ- ဦးညဏ်ဝင်း၊ ဂိုးနည်းပြ-ဦးဝင်းနိုင်၊ ကြံ့ခိုင်ရေးနည်းပြ-ဦးမျိုးလှိုင်ဦး၊ ကစားသမားများအဖြစ် ဂိုး-ကျော်ဇင်ထက်၊ ဆန်းဆက်နိုင်၊ နောက်တန်း-မင်းကိုသူ၊ ပြည့်ဖြိုးဇော်၊ ထူးခန့်လွင်၊ သူရိန်စိုး၊ ဇာနည်ထက်၊ မင်းကျော်ခန့်၊ အလယ်တန်း-ရန်အောင် ကျော်၊ ရန်လင်းအောင်၊ သက်ပိုင်စိုး၊ ကောင်းထက်စိုး၊ မောင်မောင်လွင်၊ ပြည့်ဖြိုးအောင်၊ ယာမာဇာကီ၊ ရှေ့တန်း- ဆယ်လာ၊ မီလာ၊ သန်းပိုင် တို့ပါဝင်ကြသည်။
ချင်းရိုင်ယူနိုက်တက်နှင့် ရန်ကုန်အသင်းပွဲကို ဖေဖော်ဝါရီ ၁၂ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ