နေပြည်တော် နိုဝင်ဘာ ၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်ပငွေလွှဲ လုပ်ငန်းလိုင်စင် ရယူထားခြင်းမရှိဘဲ ဟွန်ဒီငွေလွှဲလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် တာချီလိတ်မြို့နှင့် မူဆယ်မြို့တို့မှ လုပ်ငန်းရှင်များအား တရားဝင်လိုင်စင်ရယူ ဆောင်ရွက်နိုင်ရန်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒေါ်သန်းသန်းဆွေက လက်ရှိမြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ချက်များ၊ ယင်းလုပ်ငန်းစဉ်တွင် ပါရှိသော ပြည်ပငွေလွှဲလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များ၊ နယ်စပ်ဒေသများတွင် ခွင့်ပြုပေးလျက်ရှိသော ဘတ်-ကျပ်၊ ယွမ်-ကျပ် အစီအစဉ်များကို နှင့် ဟွန်ဒီငွေလွှဲလုပ်ငန်းများ တရားဝင်လိုင်စင်ရယူ၍ လုပ်ကိုင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ပြည်ပငွေလွှဲလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး က ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ လိုအပ်သောအချက်အလက်များကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးကြပြီး ဟွန်ဒီငွေလွှဲလုပ်ငန်း ဆောင်ရွက်သည့်လုပ်ငန်းရှင်များ၏ သိရှိလိုသော မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဌာန အကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရသည်။
သတင်းစဉ်