ဝါရှင်တန်ဒီစီ နိုဝင်ဘာ ၆
အမေရိကန် ပြည်ထောင်စု တက္ကဆက်၊ အိုကလာဟိုးမားနှင့် အာကန်ဆောပြည်နယ်တို့၌ နိုဝင်ဘာ ၄ ရက်က လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက် အနည်းဆုံး ၁၀ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။
အိုကလာဟိုးမားနယ်စပ်အနီး တက္ကဆက်ပြည်နယ်မြောက်ပိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက် နေအိမ် ၅၀ ခန့် ပျက်စီးခဲ့ကြောင်း လာမာနယ်မြေ ရဲတပ်ဖွဲ့ဌာနချုပ်က နိုဝင်ဘာ ၄ ရက်က ပြောကြားခဲ့သည်။ ပါရီဒေသ ဆေးဘက်ဆိုင်ရာစင်တာတွင် ကုသမှုခံယူသူ ၁၀ ဦး ရှိပြီး နှစ်ဦးမှာ စိုးရိမ်ရသော်လည်း တည်ငြိမ်မှုရရှိပြီဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်၌ ဖော်ပြထားသည်။
အိုကလာဟိုးမား အရှေ့တောင်ဘက်တွင် လူ ၇၀၀၀ ခန့်ရှိသော အီဒါဘယ်ဒေသသို့ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်နေပြီဖြစ်ကြောင်း၊ ဘရိုင် ယန်၊ ချော့တောနှင့် လုခ်ဖလော ခရိုင်များတွင် လေဆင်နှာမောင်း ဝင်ရောက်ခဲ့ပြီး အချို့နေရာများ၌ ရုတ်တရက်ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကယ်ဗင်စတစ်က ၎င်း၏ တွစ်တာတွင် ရေးသားခဲ့သည်။
အမေရိကန် ပြည်ထောင်စုရှိ အာကန်ဆော၊ အိုကလာဟိုးမားနှင့် တက္ကဆက်ပြည်နယ်များတွင် မကြာခဏ လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်လေ့ရှိသဖြင့် သတိပေးချက် ထုတ်ပြန်ထားကြောင်း အမျိုးသား မိုးလေဝသ ဌာနက ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ကင်တပ်ကီပြည်နယ်၌ ပြင်းထန်သော လေဆင်နှာမောင်း ရုတ်တရက် တိုက်ခတ်မှုကြောင့် သေဆုံးသူ ၇၉ ဦးရှိခဲ့ပြီး တင်နက်ဆီ၊ အာကန်ဆော၊ မစ်ဆူရီနှင့် အီလီနွိုက်ပြည်နယ်တို့တွင်လည်း လေဆင်နှာမောင်း တိုက်ခတ်မှု များစွာကို ကြုံတွေ့ခဲ့ရသည်။
အေအက်ဖ်ပီ