“လက်ရှိအချိန်တွင် ပြည်တွင်းစီးပွားရေး တိုးတက်လာသည်ကို တွေ့ရှိရပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဆိုပါက ထပ်မံတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ကုန်ထုတ်လုပ်ငန်းများ  ဆောင်ရွက်သည့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး တိုးတက်ရေးအတွက်   စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ငွေကြေးလည်ပတ်မှုများကောင်းမွန်လာပြီး နိုင်ငံ့စီးပွားရေးမြင့်တက် လာမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုဝင်ဘာလ ၄ ရက်နေ့တွင် ထားဝယ်မြို့ မြို့နယ်ခန်းမ၌ စီးပွားရေးလုပ်ငန်း ရှင်များအား ပြောကြားခဲ့သည်။

 

နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်၏စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန်ရည်ရွယ်၍ ဒေသအသီးသီးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် လိုက်လံတွေ့ဆုံပြီး တင်ပြချက်များအပေါ်မူတည်၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့် အခြားလိုအပ်သည်များကို မှာကြားဆောင်ရွက်နေသည်။  မြန်မာနိုင်ငံသည်   ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး   MSME လုပ်ငန်းများဖြင့်  အဓိကအားပြုလည်ပတ်နေသည်။   MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးအတွက် အခြေခံကျသောလုပ်ငန်းများဖြစ်သော်လည်း ယခင်ကာလများက  ပြည်တွင်းစီးပွားရေးနှင့်   ကုန်ထုတ်လုပ်ငန်းများကို   အားပေးကူညီခြင်း အားနည်းခဲ့သဖြင့် စီးပွားရေးတွင် ထင်သလောက် ခရီးမရောက်ခဲ့ဘဲ ကုန်သွယ်မှု လိုငွေများ များစွာပြခဲ့သည်။

 

လက်ရှိအချိန်တွင် ပြည်တွင်းစီးပွားရေး ပြန်လည်တိုးတက်လာသည်ကို မြင်တွေ့နေရပြီး နိုင်ငံတော်အကြီးအကဲ ကလည်း ပြည်တွင်းစီးပွားရေးကို အားပေးလျက်ရှိသဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုပါက ထပ်မံ တိုးတက်လာမည်ဖြစ်၍ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နေသည့် MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ကို စတင်တာဝန်ယူ ဆောင်ရွက်စဉ်က အခက်အခဲများစွာရှိခဲ့ပြီး ယခုအခါ အခက်အခဲများကိုကျော်လွှား၍ ပြည်တွင်းစီးပွားရေးကို မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်။

ပြည်တွင်းစီးပွားရေး စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းဝမ်းစာရေး၌ ထိခိုက်မှုမရှိဘဲ အရှိန်အဟုန်မပျက် လည်ပတ်နိုင်ခဲ့သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် မြန်မာနိုင်ငံအတွက် ခိုင်မာသေချာမှုအရှိဆုံး ဖြစ်သည့် စီးပွားရေးလုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများအများစု သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ကုန်များကိုအခြေခံကာ ကုန်ထုတ် လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ MSME လုပ်ငန်းများကို နိုင်ငံတော်က အားပေး မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာရန်၊ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်၊ အရည် အသွေးပြည့်မီသောထုတ်ကုန်များ ပြည်တွင်း၌ မြှင့်တင်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန် အလားအလာကောင်းများရှိလာမည်ဖြစ်သည်။

 

ယခုအခါ နိုင်ငံတော်အစိုးရက ထားဝယ်ခရိုင်အတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်လိမ့်မည်ဖြစ်သည်။ ဒေသထွက်ကုန် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများသည် ခိုင်မာအားကောင်းသော စီးပွားရေးလုပ်ငန်းများဖြစ်လာမည်ဖြစ်သည်။ ရေထွက် သယံဇာတများကို ထုတ်ယူခြင်းအပြင် ငါးမွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင်ဆောင်ရွက်နိုင်သည်။ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဘေးထွက်ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည်။ အလားတူ ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များမှ တိရစ္ဆာန်အစားအစာများ ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်သည်။ တနင်္သာရီတိုင်း ဒေသကြီးသည် အုန်းအထွက်များသဖြင့် အုန်းထွက်ပစ္စည်းများကို အဆင့်မီထုတ်လုပ်၍ စီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သည်။

 

အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း ဒေသထွက်ကုန်များကို ထိရောက်စွာအသုံးချ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်သည့် အရင်းအနှီးများကို နိုင်ငံတော်မှ သတ်မှတ်ထားသောအတိုးနှုန်းများဖြင့် ချေးငွေများ ထုတ်ပေးလျက် ရှိသည်။ အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများ ရရှိရေးအတွက် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများရှိရန် လိုအပ်သည်။ သို့ဖြစ်ရာ MSME လုပ်ငန်းများကို နိုင်ငံတော်က အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ စီးပွားရေးတိုးတက်ကောင်းမွန်လာပါက နိုင်ငံ့စီးပွားရေးလည်း မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ