နေပြည်တော် နိုဝင်ဘာ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ပြည်ထောင်စုစိတ်ဓါတ် ခိုင်မာပြီး ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်စေရေး အလေးထား ပြုစုပျိုးထောင်ပေးသွားရန်နှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး မှာကြားပြီး ရုံးဝင်းအတွင်း ကြည့်ရှု့စစ်ဆေးသည်။
နိုဝင်ဘာ ၄ ရက်၊ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းခန်းမဆောင်၊ လက်တွေ့အလုပ်ရုံများ၊ အိပ်ဆောင်များနှင့် စားရိပ်သာတို့ကို ကြည့်ရှု့စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘားအံမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးများသို့ ကြည့်ရှု့စစ်ဆေးပြီး စိုက်ပျိုးမွေးမြူရေးနှင့် သက်သာချောင်ချိရေး ကိစ္စရပ်များကို ရှင်းလင်းမှာကြားသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဘားအံမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ သင်တန်းခန်းမ၌ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသူများ၊ ကျောင်းသားများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ၊ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ၊ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝင်းအတွင်း သင်တန်းသူများ လက်တွေ့လေ့ကျင့် ဆောင်ရွက်နေမှု၊ စာကြည့်တိုက်၊ သင်တန်းသူအိပ်ဆောင်၊ စားရိပ်သာတို့ကို ကြည့်ရှု့စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသားအိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် 100 KVA ထရန်စဖော်မာ ဓါတ်အားခွဲရုံတည်ဆောက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်