နေပြည်တော် နိုဝင်ဘာ ၆

နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုအရ ရုရှား - မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal University ၌ နိုဝင်ဘာ ၉ ရက်မှ ၁၀ရက်အထိ ကျင်းပမည့် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ဆွေးနွေးပွဲအစီအစဉ်သို့ တက်ရောက်ရန် ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ် (၅) ဦး အဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်အမှတ်၊ 8M-333 ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ တစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗောစတော့ခ်မြို့ရှိ Far Eastern Federal University တို့အကြား ဆေးပညာရပ်ဆိုင်ရာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးဘက်ဆိုင်ရာ ခွဲစိတ်ကုသမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လေ့ကျင့်သင်တန်းပေးခြင်းများအတွက် နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် နှလုံးခွဲစိတ်ကုသမှုသင်တန်းများ၊ အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေ ကုသရေးသင်တန်းများ၊ ကလေးခွဲစိတ်ကုသမှု သင်တန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ဆေးပညာရှင်များ စေလွှတ်သင်ကြားနိုင်ရေး၊ ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာရပ်သင်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးညှိနှိုင်းကြမည်ကြောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးပညာရပ်ဆိုင်ရာခွဲစိတ်ကုသမှု နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပြီး နှစ်နိုင်ငံဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်