မြန်မာနိုင်ငံသည် ကုသိုလ်ကောင်းမှုများ ထုံမွမ်းနေသောနိုင်ငံဖြစ်သည်။ ရတနာသုံးပါးကိုရည်မှန်း၍ နေ့ကြီး ရက်ကြီးများတွင်သာမက လပြည့်လကွယ် ရောက်တိုင်း ကောင်းမှုကုသိုလ်များပြုလုပ်လေ့ရှိသည်။ ဝါတွင်းကာလ သုံးလ ပတ်လုံး ကုသိုလ်ကောင်းမှုများ အဆက်မပြတ်ရှိပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်း တွင် ကုသိုလ်ကောင်းမှုများ အထူးပြုလုပ်လေ့ရှိသည်။

 

တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား ရဟန်းဖြစ်ရသည့် အကျိုးတရားများကို ဟောတော်မူသည်။ သာမညဖလသုတ်သည် ရဟန်းပြုခြင်းကြောင့် ရရှိသောအကျိုးများ၊ ရဟန်းတို့၏ အကျင့်သီလ၊ ဈာန်သမာ ပတ်နှင့် ဝိပဿနာဉာဏ်စဉ်များ အဆင့်ဆင့်တက်လာပြီး လက္ခဏာရေးသုံးပါးကို အထင်အရှားပြကာ ရဟန္တာများဖြစ်လာပုံကို ဟောကြားထားသောတရားဖြစ်သည်။ တရားမှာ နက်နဲသိမ်မွေ့လှပြီး ဘဝသံသရာ၏ ဒုက္ခဆင်းရဲချုပ်ငြိမ်းနိုင်ပုံကို ကွက်ကွက်ကွင်းကွင်း ဟောကြားထားရာ နာကြားရသူအဖို့ နှလုံးစိတ်ဝမ်းအေးချမ်းပြီး ကုသိုလ်၊ အကုသိုလ်၊ ကောင်းမှု၊ မကောင်းမှု၊ ဆင်းရဲမှု၊ ချမ်းသာမှုတို့ကို ကွဲကွဲ ပြားပြားသိလာသည်။

 

ရဟန်းဟူသည် ကုသိုလ်အဖြစ်တင် အကုသိုလ်စင်အောင် ဆောက်တည် ကျင့်ကြံနေထိုင်ကြသော မြင့်မြတ်သော ပုဂ္ဂိုလ်များဖြစ်သည်။ ရဟန်းပြုပြီးသည်နှင့် လူအများ၏ ရှိခိုးကော်ရော် အရိုအသေပြုရသည့် ပုဂ္ဂိုလ်ဖြစ်လာသည်။ ပစ္စည်း လေးပါးမှအစ လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို အလှူခံရယူ၍ ဒါယကာ၊ ဒါယိကာမ များအား ကောင်းမှုအစုစုနှင့် ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်လမ်းသို့ ပြသပေးတော်မူသည်။ ရဟန်းတို့သည် ဗုဒ္ဓ၏ ဂုဏ်တော်များနှင့် ဝိနည်းသိက္ခာပုဒ်များကို မပျက်မကွက် စောင့်ထိန်းကျင့်ကြံကြရသည်။ ရဟန်းဖြစ်သည်နှင့် ပိတ်ဆို့စောင့်စည်းခြင်းတည်းဟူ သော ပါတိမောက္ခ သံဝရသီလ စသည့် အဓိကသီလသိက္ခာများကို စောင့်ထိန်းကြရသည်။ ထို့ကြောင့် ရဟန်းသည် ကြည်ညိုဖွယ်ရာ အဆင်းနှင့်ပြည့်စုံသည့် မြတ်စွာ ဘုရားသားတော်များဖြစ်သည်။

 

အဇာတသတ်မင်းသည် ဒေဝဒတ်ကို ဆရာတင်မှားပြီး မပြစ်မှားအပ်သော ဖခင်ဖြစ်သူ ကျေးဇူးရှင် ဗိမ္ဗိသာရမင်းကြီးကို ခြေဖဝါးဓားခွဲ သွေးစိမ်းရှင်ရှင်တည်စေ ကာ သတ်ခဲ့မိသည်။ မပြစ်မှားအပ်သည့် ကြီးလေးသောအပြစ်ကို ကျူးလွန်မိသော ကြောင့် နေ့စဉ်နှင့်အမျှ အချိန်နှင့်အမျှ သောကဖိစီးပြီး အိပ်မပျော်သောရောဂါစွဲကပ်ခဲ့ သည်။ မိဘ၊ ဆရာ၊ ရဟန်းသံဃာနှင့် ဘုရားတရားတို့ကို ပြစ်မှားစော်ကားလျှင် ကံကြီးထိုက်ပြီး ယခုလက်ငင်းပင် ချက်ချင်းအကျိုးပေးခံစားကြရသည်။ ကံကြီး ထိုက်၍ စွဲကပ်နေသော စိုးရိမ်ပူပန်မှုသောက၊ နောင်တအပူမီးတို့နှင့်အတူ စိတ်ဓာတ် ပျက်ပြား ပြင်းထန်သောဝေဒနာများနှင့်အတူ အပူမီးသည် မအိပ်နိုင်၊ မစားနိုင် တမြည့်မြည့် လောင်ကျွမ်းလာခဲ့သည်။

 

အဇာတသတ်မင်းသည် ဖခင်ကိုပြစ်မှားသော်လည်း ကုသိုလ်ကံပါရမီအဟုန်ကြောင့် ရဟန်းဖြစ်ခြင်းအကျိုးကို သိလိုခဲ့သည်။ ခံစားနေရသောဝေဒနာ ပျောက်ကင်းသက်သာစေရန်အတွက် ကုစားနိုင်သောသူကိုရှာဖွေခဲ့ပြီး တိတ္ထိဆရာ ခြောက်ဦးထံတွင် ရဟန်းဖြစ်သောအကျိုးကို မေးမြန်းသောအခါ မရခဲ့ပေ။ နောက်ဆုံးတွင် သမားတော်ဇီဝကထံမှ လိုချင်သောအဖြေကိုရရန် လမ်းစတွေ့ပြီး မြတ်စွာ ဘုရားထံမှ သာမညဖလသုတ္တန်ကို ပြည့်ပြည့်စုံစုံ ကြားနာခွင့်ရကာ ရဟန်းဖြစ် ခြင်းအကျိုးကို သိခွင့်ရခဲ့သည်။ သာမညဖလသုတ်တော်ကို နာကြားမှုပြီးသောအခါ ခံစားနေရသော ဝေဒနာများ သက်သာပျောက်ကင်းပြီး စိတ်နှလုံးငြိမ်းချမ်းခြင်းကို ရရှိခဲ့သည်။ သို့သော် ကြီးလေးသောအပြစ်မှာ မလွတ်နိုင် မဟာအဝီစိငရဲမဟတ် သော်လည်း ကုမ္ဘီငရဲတွင် အနှစ်ခြောက်သောင်းခံပြီးသောအခါ ဝိဇိတာဝီအမည်ရ သည့် ပစ္စေကဗုဒ္ဓါ ဖြစ်လာပေလိမ့်မည်။

 

မြတ်စွာဘုရားကို ယုံကြည်ခြင်း၊ တရားတော်ကို ယုံကြည်ခြင်း၊ သံဃာတော်ကို ယုံကြည်ခြင်းဟူသည့် ကုသိုလ် အကျိုးတရားမှာ ကြီးမားလှသည်။ ဘုရားကို မယုံကြည်ခြင်း၊ တရားကို မယုံကြည်ခြင်း၊ သံဃာကို မယုံကြည်ခြင်းနှင့် ပြစ်မှားစော်ကား ခြင်း အကုသိုလ်မှာ ကြီးမားလှသည်။ မပြစ်မှားထိုက်သော ပုဂ္ဂိုလ်များအပေါ်တွင် ပြစ်မှားခြင်းသည် ပါရမီအခံ၊ အကုသိုလ်အထူးရှိသော ပုဂ္ဂိုလ်မျိုးဖြစ်၍ အဝီစိငရဲတွင် မခံရဘဲ ပေါ့ပါးသောငရဲတွင်ခံရသော်လည်း ပါရမီအခံမရှိသူများအဖို့မူ လတ်တလောတွင် ကြီးမားသည့် အကုသိုလ်အကျိုးများကို ချက်ချင်းလက်ငင်း ပြန်ခံစားရပြီး ဘဝချုပ်ငြိမ်းပြီးနောက် လွတ်လမ်းမရှိသည့် အဝီစိငရဲတွင် ထာဝရစံ ကြရမည်ဖြစ်သည်။

 

ထို့ကြောင့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့သည် ကြီးလေး သောအပြစ်ကို ပြစ်မှားမိသည့် အဇာတသတ်မင်း၏ ဖြစ်အင်များကိုဆင်ခြင်ပြီး ရဟန်း ဖြစ်ခြင်းအကျိုး သာမညဖလသုတ္တန်ကို အာရုံပြုပွားများကာ အကုသိုလ်အမှုများ မှကင်းလွတ်၍ ကုသိုလ်အမှုများတိုးပွားလာစေရန် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ကြိုးပမ်း အားထုတ်သင့်ပါကြောင်း။

 

ကြေးမုံ