မောင်ခိုင်မာ (အထက်မင်းလှ)

 

“မိုးလကုန်စဲ ကထိန်ပွဲ” ဟူသော ဆိုရိုးစကားနှင့်အညီ ကထိန်ပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသာ ခင်းကျင်းကြရပါသည်။ ရာသီမရွေး၊ အချိန်အခါမရွေး ခင်းလိုတိုင်း ကထိန်ခင်း၍ မရပါ။

 

သင်္ကန်း

 

သင်္ကန်းဆိုသည်မှာ ရဟန်းတို့  ဝတ်ရုံသုံးဆောင်ခြင်းငှာအပ်သော အဝတ်အထည်ဖြစ်ပါသည်။ သင်္ကန်းကို ဇာတိ (အမျိုးအစား) သင်္ကန်းခြောက်မျိုး  (ခေါမချည်ဖြင့် ရက်သောသင်္ကန်း၊ ဝါချည်ဖြင့်  ရက်သောသင်္ကန်း၊ ပိုးချည်ဖြင့် ရက်သောသင်္ကန်း၊ လူမွေး၊  သားရဲမွေးတို့မှတစ်ပါး ကြွင်းသောသားမွေးတို့ဖြင့် ရက်သောသက္ကလတ် သင်္ကန်း၊  ပိုက်ဆန်လျှော်ဖြင့်  ရက်သောသင်္ကန်း၊  ခေါမစသော  ချည်ငါးမျိုးဖြင့်ရော၍  ရက်သော သင်္ကန်း)နှင့် အနုလောမ  (အပ်) သင်္ကန်းခြောက်မျိုး (ဒုကူလဟု ဆိုအပ်သော တစ်စုံတစ်ခုသော  လျှော် အထူးဖြင့်ရက်သော  ဘွဲ့ဖြူ သင်္ကန်း၊ ပဋုဏ္ဏတိုင်း ဖြစ် ပိုးချည်သင်္ကန်း၊ သောမရတိုင်းဖြစ် ပိုးချည် သင်္ကန်း၊ စိန့်တိုင်းဖြစ် ပိုးချည်သင်္ကန်း၊ တန်ခိုးဖြင့် ဖြစ်သောသင်္ကန်း၊ နတ်လှူသောသင်္ကန်း)ဟူ၍ ခွဲခြားထားပါသည်။  ဗုဒ္ဓဘာသာယဉ်ကျေးမှုအရ သင်္ကန်းကို အချိန်ကာလအလျောက်  လှူဒါန်းမှု အပေါ်မူတည်၍ ဝါဆိုသင်္ကန်း၊  ကထိန်သင်္ကန်းနှင့် မသိုးသင်္ကန်းဟူ၍ ရှိကြပါသည်။

 

ကထိန်သင်္ကန်း

 

ကထိန်သင်္ကန်းအား  ဉတ်သင်္ကန်း၊  ကထိန် သင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊  မသိုးသင်္ကန်းဟု အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ကထိန်ဉတ်သင်္ကန်း ဟူသည်မှာ  ကထိန်ခင်းထိုက်သော  ရဟန်းအား ကထိန်ခင်းမည့်သင်္ကန်းကို  ဥတ္တိဒုတိယကမ္မဝါ စာဖတ်ပြီး ပေးအပ်ရသည်ကိုစွဲ၍ ကထိန်ဉတ် သင်္ကန်းကြီးဟု ခေါ်ပါသည်။ ကထိန်ခင်းမည့်သင်္ကန်း မှာ “ကထိန်ခင်းရန်၊ ထုတ်မိန့်ပြန်၊ သုံးတန်သင်္ကန်း မျိုး”ဟူသည့်အတိုင်း ဘုရားရှင် ခွင့်ပြုတော်မူသည့် ဒုကုဋ်ဟုခေါ်သော နှစ်ထပ်သင်္ကန်း၊ သင်းပိုင်ဟုခေါ် သော ခါးဝတ်သင်္ကန်းနှင့် ဧကသီဟုခေါ်သော ကိုယ်ရုံ သင်္ကန်းတို့ ဖြစ်ပါသည်။

 

ကထိန်သင်္ကန်းလှူဒါန်းသည့်အစဉ်အလာ

 

“ကထိန်သင်္ကန်းလှူဒါန်းမှု မူလအစ ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်က”ဟူသော အဆိုရှိပါသည်။ အခါတစ်ပါးဝယ် မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း တော်၌ သီတင်းသုံးနေတော်မူစဉ်  သင်္ကန်းလျာ နွမ်းနယ်ပါးရှား  ပါဝေယျကရဠ တိုင်းသား  ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူဖြစ်ပေါ်လာသည်။  တစ်ခါသော် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် မိဂဒါဝုန်တောတွင် ဇနီး မယားတို့ဖြင့် ပျော်ပါးနေ၏။ တစ်ပါးသော မင်းသားမှာ ဇနီးမယားမရှိသဖြင့် ပြည့်တန်ဆာမတစ်ဦးဖြင့် ပျော်ပါး၏။  ထိုပြည့်တန်ဆာမက  မင်းသားတို့ ပျော်ပါးမေ့လျော့ခိုက် ရွှေငွေလက်ဝတ်ရတနာတို့ကို  ခိုးယူထွက်ပြေးရာ မင်းသားတို့က တောနင်းရှာဖွေလေသည်။ ထိုကာလက မြတ်စွာဘုရားရှင်သည် မိဂဒါဝုန်တောတွင် သီတင်းသုံးနေသည့်ကာလဖြစ်လေရာ ပြည့်တန်ဆာမကို လိုက်လံရှာဖွေနေသော မင်းသားတို့နှင့် ဆုံလေတော့၏။ မင်းသားတို့က သစ်တစ်ပင်အောက်တွင် သီတင်းသုံးနေသော ဘုရားရှင်အား  အမျိုးသမီးတစ်ယောက်ကို တွေ့မိလိုက်ပါလေသလောဟု မေးမြန်းစုံစမ်းလေသည်။ ထိုအခါ ဘုရားရှင်က လိုက်လံရှာဖွေရသည့် အကြောင်းရင်းကို မေးမြန်းတော်မူပြီး “ပျောက်သွားသော မိန်းမကိုရှာခြင်း”နှင့် “မိမိကိုယ်ကိုရှာခြင်း” ဟူသည့် ရှာဖွေခြင်းနှစ်မျိုးတွင် မည်သည့်ရှာဖွေခြင်းက မြတ်ပါသနည်းဟု မေးခွန်းဆင့်ပြန်လေရာ ပါရမီရင့်သန်သော မင်းသားများဖြစ်လေရကား  ဘုရားရှင်၏မေးခွန်းကို “မိမိကိုယ်ကိုရှာခြင်းကသာလျှင် မြတ်ပါကြောင်း” လျှောက်ထားလေ၏။ ထိုအခါ ဘုရားရှင်က တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏။ တရားဆုံးတော်မူသောအခါ မင်းသားတို့လည်း ပါရမီအလျောက်အချို့က သောတပတ္တိမဂ်ဖိုလ်၊ အချို့က သကဒါဂါမ် မဂ်ဖိုလ်တို့ကို အသီးသီးရရှိသွားကြလေသည်။

 

တစ်ဆက်တည်းမှာပင် မြတ်ဘုရားထံတွင် ရဟန်းအဖြစ် ခွင့်တောင်းတော်မူရာ ဘုရားရှင်က ပရိက္ခရာရှစ်ဖြာ ပြည့်စုံစွာဖြင့်  ရဟန်းဘဝကို ခွင့်ပြုလေသည်။ ထိုရဟန်းတို့က ကောသလတိုင်း အနောက်ဘက်အရပ်တွင် တည်ရှိသော ဝါဝေယျက တိုင်းတွင် သီတင်းသုံးလေသည်။ အခါတစ်ပါးဝယ် အဆိုပါရဟန်းတော်သုံးကျိပ်တို့သည် ဝါကျွတ်ချိန် ကာလတွင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေသော  ဘုရားရှင်အား  ဖူးမြော်ရန် ရောက်လာကြ၏။ လမ်းခရီးတွင် မိုးမိကာ မိုးရေ စိုစွတ်ကြလေသည်။ အဆိုပါ ရေစိုသင်္ကန်းကိုပင် ဝတ်ရုံလျက် ခရီးဆက်ကြရသည်ဖြစ်၍ ဘုရားရှင် ရှေ့မှောက်အရောက်ဝယ် ဘုရားရှင်ခွင့်ပြုထားသော  သင်္ကန်းသုံးထည်စလုံး စိုစွတ်ညစ်ထေးနေလေ တော့၏။ ထိုအခြင်းအရာကို ဘုရားရှင်မြင်လေလျှင် ထိုရဟန်းတို့၏ ပင်ပန်းဆင်းရဲမှုကို အကြောင်းပြုပြီး ပုရိမဝါကပ်ခြင်းနှင့်  ပြည့်စုံသော  ရဟန်းတော်တို့အား  ကထိန်သင်္ကန်းကပ်လှူခြင်းကို ခွင့်ပြုသည်မှ စတင်ကာ ကထိန်ပွဲပြုလုပ်သည်ကို ကထိန်ခင်းသည်ဟု ဆိုကြခြင်းဖြစ်လေသည်။

 

ကထိန်ခင်းရန်ကိစ္စ ရှစ်ပါး

 

ကထိန်ခင်းရန်ကိစ္စရှစ်ပါးနှင့် ပြည့်စုံရပါသည်။ ၎င်းကို (ခံ၊ ရွေး၊ ပေးနှင်း၊ စွန့်၊ ထိုးခြင်း၊ တင်၊ ခင်း၊ နုမောဒါ = ကထိန်နှင့်စပ် ဤ(၈)ရပ် စွဲမှတ်မြဲသေချာ) ဟူ၍ လင်္ကာဖွဲ့ဆိုထားပါသည်။ ၎င်းတို့မှာ (၁) ခံ = ကထိန်သင်္ကန်းကို အလှူခံခြင်း၊ (၂) ရွေး = ကထိန် ခံထိုက်သော ပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ် ရွေးချယ်ပေးခြင်း၊ (၃) ပေးနှင်း = ထိုရွေးချယ်ခံရသူ အား သိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်း ကိုပေးခြင်း၊ (၄) စွန့် = တိစီဝရိတ်အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကို ပစ္စုဒ္ဓိရ်ပြု အဓိဋ္ဌာန်ဖြင့် စွန့်ခြင်း၊ (၅) ထိုးခြင်း = ကထိန်ခင်းမည့်သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးခြင်း၊ (၆) တင် = သင်္ကန်းအမည်ဖြင့် အဓိဋ္ဌာန်တင်ခြင်း၊ (၇) ခင်း = နှုတ်မြွက်၍ ကထိန် ခင်းခြင်းနှင့် (၈) နုမောဒါ = သာဓုအနုမောဒနာပြုခြင်း တို့ ဖြစ်ပါသည်။

 

ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါရှစ်ပါး

 

ကထိန်ခင်းမည့် ရဟန်း၌ (၁) ရှေးဦးစွာပြုလုပ် ရမည့်ကိစ္စတို့ကို သတိပြုရခြင်း၊ (၂) အဓိဋ္ဌာန်ဖြင့် သင်္ကန်းဟောင်းကို စွန့်တတ်ရခြင်း၊ (၃) အဓိဋ္ဌာန် တင်တတ်ခြင်း၊ (၄) ခင်းပုံခင်းနည်းကို သိထားရခြင်း၊ (၅) မာတိကာကို သတိထားရခြင်း၊ (၆) ကြောင့်ကြမှု ကို သိထားရခြင်း၊ (၇) ကထိန်နုတ်ပုံကို သတိထား ရခြင်း၊ (၈) အာနိသင်တို့ကို သိထားရခြင်းဟူသည့် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံမှသာ ကထိန်ခင်းထိုက်သည် ဟု ဆိုပါသည်။

 

ကထိန်အာနိသင်ငါးပါး

 

ကထိန်ခင်းသော ရဟန်း၊ ကထိန်အနုမော ဒနာပြုသောရဟန်းတို့သည် ကထိန်ခင်းသောနေ့မှ တပေါင်းလပြည့်နေ့အထိ ရနိုင်သော အာနိသင်များ မှာ (၁) ထင်ရှားရှိသော ရဟန်းတို့အား မပန်ကြားဘဲ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ကြားရာအိမ်သို့သွား နိုင်ခြင်း၊ (၂) တိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်း ကို မယူဆောင်ဘဲ သွားလာနိုင်ခြင်း၊ (၃) ရသမျှ သောသင်္ကန်း၊ အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန်၊ ဝိကပ္ပနာမပြုဘဲ အလိုရှိသလောက်ထားရှိ သုံးဆောင်နိုင်ခြင်း၊ (၄) ထမင်းစားကြွပါ စသည်ဖြင့် မအပ်စပ်သော အသုံးအနှုန်းဖြင့် ပင့်ဖိတ်သည်ကို လက်ခံနိုင်ခြင်း၊ တောင်းခံခြင်းဖြင့်ရရှိသည့် ဂဏဘောဇဉ်ကို ခံယူသုံးဆောင်နိုင်ခြင်း၊ (၅) ကထိန်ခင်းသော ကျောင်းတိုက်အတွင်း ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအားလှူသော သင်္ကန်းလျာတို့ကို ထိုကျောင်းတိုက်ရှိ ကထိန်ခင်း အနုမောဒနာပြုသော ရဟန်းတို့သာ ရရှိသုံးဆောင် နိုင်ခြင်းတို့ ဖြစ်ပါသည်။

 

ကထိန်မြောက်သောသင်္ကန်းခုနစ်မျိုး

 

ကထိန်မြောက်သောသင်္ကန်း ခုနစ်မျိုးရှိပါသည်။ ၎င်းတို့မှာ (၁) ကထိန်သင်္ကန်းအသစ်၊ (၂) ဘယ်သင်္ကန်း၊ ဘယ်အမျိုးအစားသင်္ကန်းစသည်ဖြင့် နိမိတ်မပြဘဲ အလိုလိုဖြစ်ပေါ်လာသောသင်္ကန်း၊ (၃) ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ် မဆိုဘဲ အလိုလိုဖြစ်ပေါ်လာသောသင်္ကန်း၊ (၄) မငှားသောသင်္ကန်း၊ (၅) ကထိန်ခင်းမည့်နေ့မရောက် မီ ကျောင်း၌မသိုမှီး၊ မထိန်းသိမ်းထားသော သင်္ကန်း၊ (၆)ကထိန်ခင်းမည့်နေ့မရောက်မီ ကျောင်း သို့ ကြိုတင်ပေးပို့ထားခြင်းမရှိဘဲ ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းသို့ပို့သောသင်္ကန်း (အနိဿဂ္ဂိ ယေနအတ္တတံဟောတိကထိနံ)၊ (၇) ကထိန်ခင်း သည့်နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း သို့မဟုတ် ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းတို့ဖြစ်ပါသည်။

 

ကထိန်မမြောက်သောသင်္ကန်းခုနစ်မျိုး

 

အောက်ပါသင်္ကန်းတို့ဖြင့် ကထိန်ခင်းပါက ကထိန်ခင်းသည်မမည်ဟု သိရပါသည်။ (၁) နှစ်လွှာ စပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသောသင်္ကန်း၊ (၂) ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု နိမိတ်ပြထားသောသင်္ကန်း၊ (၃) ဤသင်္ကန်းဖြင့် ကထိန်ခင်းမည် ဟု ပရိယာယ်ဆို၍ရသောသင်္ကန်း၊ (၄) ခေတ္တငှားသောသင်္ကန်း၊ (၅) ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသောသင်္ကန်း၊ (၆) ကထိန်ခင်း မည့်နေ့မရောက်မီ ကျောင်းသို့ ကြိုတင်ပေးပို့ထားသောသင်္ကန်းနှင့် (၇) ကထိန်ခင်းသည့်နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း သို့မဟုတ် ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားခြင်း မရှိသော သင်္ကန်းတို့ ဖြစ်ပါသည်။

 

ကထိန်ခင်းရာဝယ်

 

ကထိန်ခင်းရာတွင် (၁) သံဃာပြည့်ပြည့်စုံစုံရှိရခြင်း၊ (၂) လက်ရှိသင်္ကန်း အဟောင်းကို အဓိဋ္ဌာန်ချ၍ ကထိန်သင်္ကန်းအသစ်ကို အဓိဋ္ဌာန်တင်ရခြင်းနှင့် (၃) ကထိန်ခင်းခြင်းကို ကျောင်းတွင်းရှိ သိမ်၍သာ ပြုလုပ်ရခြင်းဟူ၍ အရေးကြီးသောအပိုင်း သုံးပိုင်း ရှိပါသည်။ သံဃာပြည့်စုံမှုသည် အရေးကြီး ကြောင်း၊ ကထိန်ခံသံဃာအပြင် အနည်းဆုံး လေးပါးရှိရကြောင်း၊ သံဃာသည် မိမိရလာသော ကထိန်လျာသင်္ကန်းကို ညဉ့်သိပ်၍ သိုမှီး သိမ်းဆည်းခြင်းမပြုရဘဲ ရသည်နေ့ သံဃာအစည်းအဝေးတွင် အဆင်းရဲဆုံးရဟန်း(သို့မဟုတ်) သိက္ခာဝါအကြီးဆုံးမထေရ်အား ပေးအပ်ရကြောင်း နှင့် ကထိန်သင်္ကန်းကို ခံယူသောရဟန်းတို့သည် ပုရိမဝါကပ်၍ ဝါမကျိုးမပြတ်သူ ဖြစ်ရမည့်အပြင် ကထိန်သင်္ကန်းနှင့်စပ်သော အကြောင်းအရာ ရှစ်ချက်ကို နားလည်ရမည်။ ကထိန်သင်္ကန်း ပေးအပ်သည့်အခါ သတ်မှတ်ထားသော သိမ်အတွင်း၌ ဉတ်တစ်ကြိမ်၊ ကမ္မဝါတစ်ကြိမ် ရွတ်ဖတ်ပေးအပ်ရမည်ဖြစ်ကြောင်း လေ့လာသိရှိ ရပါသည်။

 

ကထိန်ဒါယကာ၊ ကထိန်ဒါယိကာမတို့ ရရှိမည့် အကျိုးတရားများ

 

ကထိန်သင်္ကန်း လှူဒါန်းကြသော ဒါယကာ၊ ဒါယိကာမတို့သည်လည်း ကထိန်ခင်းသော သံဃာတော်အလား အကျိုးတရားငါးပါး ရရှိပါသည်။ ၎င်းတို့မှာ (၁) သွားလေရာအရပ်၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာသွားလာရခြင်း၊ (၂) မိမိပိုင်ပစ္စည်း ကို ရန်သူတို့က မဖျက်ဆီးနိုင်ခြင်း၊ (၃) စားသောက် ဖွယ်ရာအထူးပေါများ၍ အစာအတွက် ဘေးမဖြစ်ခြင်း၊ (၄) မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်းနှင့် (၅) ပစ္စည်းရှာရာတွင် သူတကာထက် ထူးခြား၍ ထီပေါက် သကဲ့သို့ အစုလိုက် အပုံလိုက်ရခြင်း၊ (၆) ဥမ္မာဒန္တီ မင်းသမီးကဲ့သို့ ချောမောလှပခြင်းတို့ဖြစ်ပါသည်။ ထို့အပြင် “သင်္ကန်းလှူရကျိုးရှစ်ဝ” ဟူသည့် အတိုင်း သင်္ကန်းဆက်ကပ်သူတို့ရနိုင်သော အဆင်းလှခြင်း၊ မြူအညစ်အကြေးကင်းခြင်း၊ အရောင်အဝါ ရှိခြင်း၊ တန်ခိုးအာနုဘော်ရှိခြင်း၊ သိမ်မွေ့သောကိုယ် ရှိခြင်း၊ ဖြူသော အဝတ်ပုဆိုးရှိခြင်း၊ ရွှေသော အဝတ်ပုဆိုးရှိခြင်း၊ နီသော အဝတ်ပုဆိုးရှိခြင်း စသည့် အကျိုးရှစ်မျိုးနှင့် ကထိန်ခင်းရန် ပဒေသာပင်သီးကြရာ၌ သင်္ကန်းပရိက္ခရာနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆေးစသည်တို့ကို တစ်ပြိုင်နက် ကပ်လှူခြင်းအတွက် ရရှိနိုင်သည့် အကျိုးကျေးဇူး တို့ကိုလည်း ရရှိခံစားကြရမည်ဖြစ်ပါသည်။

 

ကုသိုလ်အထူးထူးကို ရရှိခံစားနိုင်ကြပါစေ

 

အနှစ်ချုပ်အားဖြင့် ဆိုရပါလျှင် ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်တို့သည် ရတနာသုံးပါး အပါအဝင် သူတော်စင် ရဟန်းသံဃာတော်များအား “ကထိနစီဝရ” ဟုဆိုအပ်သော ကထိန်လျာ မြတ်သင်္ကန်းကို သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းဆက်ကပ်ကြပြီး ကုသိုလ်အထူးထူးကို ရရှိခံစားနိုင်ကြပါစေကြောင်း လေ့လာတင်ပြလိုက်ရပါသည်။ ။

 

ကိုးကား - မြန်မာ့စွယ်စုံကျမ်းအတွဲ(၂) နှင့် အတွဲ (၁၅) နေ့စဉ်ထုတ်စာနယ်ဇင်းများ