ဟိုပုံး နိုဝင်ဘာ ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက်တန်းခေတ်မီစံပြကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာ (၆)ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟိုပုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးစိုးလွင်မြင့်နှင့် တာဝန်ခံအင်ဂျင်နီယာများသည် ကျောက်တန်းခေတ်မီစံပြကျေးရွာတွင် အရှည် ၂၆၆၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ကျေးရွာကော်မတီများနှင့်တွေ့ဆုံကာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ကျောက်တန်းခေတ်မီစံပြကျေးရွာတွင် အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၅၈၆)သိန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ ဇူလိုင်ဒုတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၄၂၇)အိမ်၊ လူဦးရေ(၁၆၃၈) ဦးတို့ကို အကျိုးပြုမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်ထံမှ သိရသည်။

ချိုသန်းညွန့် (ကျေးလက်)