မန္တလေး နိုဝင်ဘာ ၇
ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့) ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အတွင်းရှိ ဗုဒ္ဓဘာသာဝင်များက ရှေးထုံးအစဉ်အလာမပျက် တန်ဆောင်မုန်းလပြည့်နေ့ ပွဲတော်များကို ကျင်းပကြသည့်နည်းတူ မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ကုသိုလ်ကောင်းမှုပြုကြသူ များ၊ အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် မြို့လုံးအနှံ့ အထူးစည်ကားများပြား လျက်ရှိသည်။
ယနေ့တွင် နံနက်အာရုဏ်တက်ချိန်မှစတင်၍ မန္တလေးမြို့ရှိ ဘုရားပုထိုးစေတီတော်များ၊ ဓမ္မာရုံများ၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မသိုးသင်္ကန်း ဆက်ကပ်လျုဒါန်းပူဇော်ပွဲများနှင့် ဘုန်းတော် ကြီးကျောင်းများ၌ ဌာနဆိုင်ရာအသီးသီးတို့မှ ကထိန်သင်္ကန်းကပ်လှူ ကုသိုလ်ပြုခြင်းနှင့် ဆီမီးထွန်း ညှိပူဇော်ပွဲများကို အစဉ်အလာမပျက် ကျင်းပလျက်ရှိကြရာ အထူးစည်ကားလျက်ရှိပြီး အသင်းအဖွဲ့ အလိုက်၊ မိသားစုအလိုက်ကထိန်ပွဲတော်များကို သက်ဆိုင်ရာ ကျောင်းများသို့ သွားရောက်ခင်းကျင်း၍ ရေစက်ချလှူဒါန်းခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း၊ စတုဒိသာကျွေးမွေးကုသိုလ်ပြုခြင်းများဖြင့် မန္တလေး မြို့တစ်ခွင် ခြိမ့်ခြိမ့်သဲ ကျင်းပလျက်ရှိသည်။
မန္တလေးမြို့၏ အထင်ကရတန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းက ရေတော်ဆရာတော်အမှူးပြု၍ မျက်နှာသစ်တော်ဝတ်အဖွဲ့မှ မျက်နှာသစ်တော်မူပြီး မသိုးမြတ်သင်္ကန်းတော်ဆက်ကပ်လှူဒါန်းကာ ဆွမ်း ရေချမ်း ပန်းများ ဆက်ကပ်ပူဇော်ပြီး ဗုဒ္ဓဘာသာ ဝင် ရဟန်းရှင်လူပြည်သူများကလည်း မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဆွမ်း ရေချမ်း ပန်း ပူဇော် ခြင်း၊ ဝတ်အသင်းအဖွဲ့များက ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း တရားဘာဝနာအား ထုတ်ကြခြင်းများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
ထိုသို့ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည့်အပြင် မိသားစုလိုက်သော်လည်းကောင်း၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းများ စုပေါင်း၍သော်လည်းကောင်း မန္တလေးမြို့၏ အထင်ကရ နေရာများဖြစ်သော ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ် ပုသိမ်ကြီးမြို့နယ်ရှိ အပန်းဖြေစခန်းများ၊ အမရ ပူမြို့နယ်ရှိတောင်သမန်အင်းနှင့် ဦးပိန်တံတားတို့၌ ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ အနားယူသူများဖြင့် စည်ကားလျက်ရှိ သည်။
ထို့ပြင် တန်ဆောင်မုန်းလပြည့်နေ့တွင် မန္တလေးတောင် တော်ဆုတောင်းပြည့်ဘုရား၊ ကုသိုလ် တော်ဘုရား၊ ကျောက်တော်ကြီးဘုရား မဟာလောကရန်နှိမ် အောင်တော်မူ ဆုတောင်းပြည့်ဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ ဆုတောင်းရဘုရား၊ ဆုတောင်းပြည့်ဘုရား၊ ချမ်းသာရဘုရားစသည့် တန်ခိုးကြီး ဘုရားစေတီတော်တို့တွင် ရွှေသင်္ကန်းများ ၊ပန်း ၊ရေချမ်း ၊သစ်သီး ဆွမ်းတော်များ၊ ဆက်ကပ် လှူဒါန်း၍ ဆီမီးပူဇော်ခြင်းများ၊ တရားဘာဝနာ အားထုတ်ကြသူများ၊ ပဌာန်းဒေသနာ တော်ရွတ်ဖတ် ပူဇော်ကြသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် အလှူရှင်များက စတုဒိသာ မုန့်လုံးရေပေါ်၊ မယ်ဇလီဖူးသုပ်နှင့် ကြာဇံဟင်းများ၊ ကျွေးမွေးကုသိုလ်ပြုကြသူများဖြင့် အထူးစည်ကား လျက်ရှိကြောင်းသိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)