စစ်တွေ နိုဝင်ဘာ ၇
သာမညဖလ အခါတော်နေ့ (တန်ဆောင်မုန်းလပြည့်နေ့)တွင် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ဓမ္မစရိယ နိကာယကျောင်းတိုက်ပရိဝုဏ်အတွင်း ဓမ္မဗိမာန်တော် ပန္နက်တော်တင်၊ အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအောင်ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကြပြီး ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အလှူရှင်များက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်နှင့် ရတနာပန္နက်တော်၊ ရွှေလက်ရိုက်တော်များအား ဆရာတော်အရှင် သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရား တော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြပြီး ဓမ္မာစရိယတက္ကသိုလ်များ၏ နာယကချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တာဘိဝံသ (သ.စ.အ ဓမ္မာစရိယ) မထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ရတနာပန္နက်တော်စိုက်ထူခြင်းနှင့် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို ဆက် လက်ကျင်းပရာ ဓမ္မာစရိယတက္ကသိုလ်များ၏ နာယကချုပ်ဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများ၊ အလှူရှင်များက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာ ပန္နက်တော်စိုက်ထူခြင်းနှင့် အုတ်မြစ်တော်စီခြင်းတို့ ဆောင်ရွက်ကြကာ အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်း ပေးကြသည်။
အဆိုပါ ဓမ္မဗိမာန်တော်ကို ဓမ္မာစရိယတက္ကသိုလ်များ၏ နာယကချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိ တ ဘဒ္ဒန္တသုစိတ္တာဘိဝံသ(သ.စ.အ ဓမ္မာစရိယ)မဟာထေရ်မြတ်အား အမှူးထား၍ အောင်ဇေကမ္ဘာလီမီ တက်မှ စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ဓမ္မစရိယနိကာယကျောင်းတိုက် ပရိဝုဏ်အတွင်း အလျား ၁၃၅ ပေ၊ အနံ ၆၃ ပေရှိ နှစ်ထပ် ဓမ္မဗိမာန်တော်ကို ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။
သတင်းစဉ်