ရန်ကုန် နိုဝင်ဘာ ၇  

ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)ဖြစ်သည်။ သာမညဖလသုတ္တန်ဒေသနာတော် (ရဟန်းပြုခြင်းအကျိုး)ကို ဗုဒ္ဓဘုရားရှင်က တန်ဆောင်မုန်းလပြည့် ညမြတ်တွင် ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းအား အကြောင်းပြု၍ ဟောတော်မှုခဲ့ခြင်းကို သာသနာ့မှတ်တိုင် စိုက်ထူသောအားဖြင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖအခါတော်နေ့အဖြစ်သတ်မှတ် ကျင်းပခဲ့ ခြင်းဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့ကို ရှေးအခါက ကြယ်တာရာနက္ခတ်ပေါင်းစုံ ကွန့်မြူးသဖြင့် နက္ခတ်သဘင်အခါကာလဟု သတ်မှတ်ကာ နက္ခတ်တာရာများအား ဆီမီးရောင်စုံဖြင့် ထွန်းညှိပသပူဇော်သော မီးထွန်းပွဲတော်ကို ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားသော မိမိတို့မြန်မာနိုင်ငံသည် ဆီမီးထွန်းခြင်းကို ဘုရားရှင်အား ပူဇော်ခြင်းအဖြစ် ပြောင်းလဲကျင်းပခဲ့ကြသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက်တွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ရှေးဦးစွာ ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးအမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ကြသည်။

ထို့နောက် ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဂေါပကရုံး ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူပူ ဇော်မည့် ကထိန်ရွှေကြာသင်္ကန်းများကိုင်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်ပြီး အာရုံခံတန်ဆောင်း မုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများနှင့် အထက်ပစ္စယံရှိ ပတ္တမြား မျက်ရှင်ရုပ်ပွားတော်တို့အား ကထိန်ရွှေကြာ သင်္ကန်းများ ကပ်လှူပူဇော် ကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ သာမညဖလအခါတော်နေ့ဆိုင်ရာတရားတော်များ နာကြား ခြင်းနှင့် ရေစက်ချအခမ်းအနားကို ရင်ပြင်တော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသထံမှ ဧည့်ပရိသတ်အပေါင်းတို့က ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။
 
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများအား ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ 

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ တိပိဋကဓရ-တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ဩဝါဒါစရိယ တိပိဋကဓရ-ဓမ္မ ဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်) ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရားနာကြား၍ ရေစက်သွန်း လောင်းအမျှပေးဝေကြသည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများအား ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ညပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီးများ ထွန်းညှိပူဇော်ထားမှုကို ကြည်ညိုသပ္ပာယ်စွာဖူးတွေ့သည်။

ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၏ (၃၈)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် သင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂ လာ ကမ္ဘာအေးစေတီ တော်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်များတွင် ကျင်းပသည်။

အလားတူ မဟာဝိဇယစေတီတော်၊ ဆူးလေစေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(ရန်ကုန်)၊ မင်းဓမ္မကုန်းရှိ လောကချမ်းသာအဘယလာဘ မုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ရွှေဘုန်းပွင်း စေတီ တော်၊ ကိုးထပ်ကြီးဘုရား၊ သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတော်နှင့် ဆုတောင်း ပြည့် မယ်လမုစေတီတော်တို့တွင်လည်း ဂေါပကအဖွဲ့ဝင်များက ကြီးမှူး၍ ယနေ့ နံနက်ပိုင်းတွင် စေတီတော်နှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့ များက တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ အခမ်းအနားများကို ကျင်းပကြ၍ သာမညဖလသုတ္တန်ဒေသနာတော်များကို ရွတ်ဖတ်ကာ မေတ္တာပို့ ဆုတောင်းကြသည်။

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့တွင် တစ်နိုင်ငံလုံးရှိ ဘုရား စေတီများ၌ မသိုးရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ခြင်းများ သာမညဖလအခါတော် နေ့ပူဇော်ပွဲအခမ်းအနားများ၊ ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲများ၊ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပွဲများနှင့် စုပေါင်းမဟာဘုံကထိန်အလှူပွဲများကို စည်ကားသိုက် မြိုက်စွာ ကျင်းပကြသည်။

တန်ဆောင်မုန်းလပြည်နေ့ မီးထွန်းပွဲတော်တွင် ရုံးများ၊ ရပ်ကွက်အလိုက်၊ လမ်း အလိုက် လျှပ်စစ်ရောင်စုံမီးအလှများ၊ ဆီမီးခွက်များ၊ ဖယောင်းတိုင်မီးများဖြင့် မီးထွန်း ပွဲတော်ကို မြိုင်မြိုင်ဆိုင်ဆိုင် ဆင်နွဲကြသည်။ နေအိမ်များ၌လည်း ဆီမီးထွန်းခြင်း၊ ဖယောင်းတိုင်မီးထွန်းခြင်းတို့ကိုလည်း ပြုလုပ်ကြပြီး လမ်းအလိုက် နိဗ္ဗာန်ဈေးပွဲတော် များကို ကျင်းပကြရာ အလှူရှင်များ၊ အားပေးသုံးဆောင်သူများဖြင့် အထူးပင်စည်ကားလျက်ရှိသည်။

ထို့အတူ ပြည်သူ့ရင်ပြင်၊ မဟာဗန္ဓုလပန်ခြံနှင့် အချက်အခြာကျသည့်နေရာများတွင် ရောင်စုံမီးအလှများကို ပုံစံမျိုးစုံဖြင့် မီးရောင်စုံများ ထွန်းညှိထားကြသည်။

သတင်း- ကိုကိုဇော်၊ ကျော်စိုးဝင်း
ဓါတ်ပုံ-လတ်လတ်(သတင်းစဉ်)