မုံရွာ နိုဝင်ဘာ ၇
မုံရွာမြို့၊ ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီး အနေကဇာတင်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြင့်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် အဆိုပါစေတီတော်ကြီး အာရုဏ်ခံအတွင်းကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ပင့်သံဃာဆရာတော်၊သံဃာတော်များက ရာပြည်ကပ်ကျော်စေတီတော်မြတ်ကြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ မေတ္တာသုတ် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူကြသည်။
ဆက်လက်၍ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဒွိပိဋကဓရ ဒွိပိဋကကောဝိဒ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီး ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု ၃ ကြိမ်ရွတ် ဆိုဆုတောင်းပြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ရာပြည့်ကပ်ကျော်စေတီ တော်မြတ်ကြီးရှိ အရှေ့ဘက်ကန်သာယာ ကန်ဘောင်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီးနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင် များနှင့် လုပ်ငန်းရှင်များက သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။
အဆိုပါ ပထမအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား တွင် မုံရွာခရိုင်အတွင်းရှိ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ မုံရွာမြို့ နယ်တို့မှ ဘုန်းတော်ကြီးကျောင်းတိုက်ပေါင်း ၂၅၅ ကျောင်းနှင့် သီလရှင်ကျောင်းတိုက် ၃၈ ကျောင်းတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သိရသည်။
သတင်းစဉ်