မျိုးမြတ်မိုး (MANA)
မြန်မာနိုင်ငံသည် လူသုံးကုန်၊ စားသောက်ကုန်မျိုးစုံကို ပြည်တွင်းပြည်ပ နေရာအသီးသီးမှ ဝယ်ယူသုံးစွဲနေရသည့် နိုင်ငံဖြစ်သည်။ အလှကုန်ပစ္စည်း၊ တစ်ကိုယ်ရေအသုံးဆောင်ပစ္စည်း၊ ကလေးသုံး ပစ္စည်းအမျိုးမျိုးကို အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းနေရသည်။ တာဝန်ရှိသူများက ဈေးကွက်အတွင်းစစ်ဆေးသည့် အကြိမ်တိုင်းတွင် အလှကုန်ပစ္စည်းအတုများ၊ သက်တမ်းလွန် စစ်ဆေးတွေ့ရှိရလေ့ရှိသည်။ သုံးစွဲရန်မသင့်သည့် ကုန်ပစ္စည်းများကို သက်ဆိုင်ရာက အများပြည်သူတို့သိရှိနိုင်ရန် အခါအားလျော်စွာ ကြေညာပေးလျက်ရှိသော်လည်း ယင်းကုန်ပစ္စည်းများကြောင့် နစ်နာမှုရှိခဲ့သူများအတွက် မည်သူက တာဝန်ယူမည်နည်း၊ ဈေးကွက်အတွင်းရှိ မည်သည့်ပစ္စည်းများကို ယုံကြည်စွာသုံးစွဲနိုင်မည်နည်းဟူသည့် မေးခွန်းများအတွက် လုံလောက်သည့် အဖြေမရှိသေးပေ။
စားသုံးသူဟူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲရန်ဖြစ်စေ၊ အခြားသူ တစ်ဦးဦးအတွက် ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်းပြုသူဖြစ်စေ ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများ၏ အရည်အသွေးညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများအတွက် ပြန်လည်ကုစားနိုင်မည့်အရေးကို အလေးအနက်ထား လုပ်ဆောင်ပေးရန်လိုအပ်သည်။
တားမြစ်ဓာတုပစ္စည်းများ
ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်းခုနစ် မျိုးသည် မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ပါကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က မတ်လ ၉ ရက်နေ့တွင် အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ၊ အနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်းကိုလည်း ဆက်လက်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အများပြည်သူတို့အနေဖြင့် မကြာခဏ ကြုံတွေ့နေရသည့် ပြဿနာတစ်ရပ်မှာ ယုံကြည်စိတ်ချစွာ မသုံးစွဲနိုင်သည့် အလှကုန်ပစ္စည်း များကိစ္စဖြစ်သည်။ တာဝန်ရှိသူများက ဈေးကွက်အတွင်း စစ်ဆေးသည့်အခါတိုင်းတွင် တရားမဝင် အလှကုန်ပစ္စည်းများ၊ တားမြစ်ဓာတုပစ္စည်းများ ပါဝင်သည့် အလှကုန်များ၊ အလှကုန်အတုများ၊ အရည်အသွေးမပြည့်ဝသည့် အလှကုန်များ၊ သက်တမ်းလွန်အလှကုန်များကို မကြာခဏ စစ်ဆေးတွေ့ရှိရလေ့ရှိသည်။ သက်ဆိုင်ရာကလည်း တွေ့ရှိရမှုအပေါ်အခြေခံကာ သုံးစွဲရန်မသင့်သည့် အလှကုန်အဖြစ် ထုတ်ပြန်ကြေညာ၍ ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သတိပေးလေ့ရှိသည်။
အရေးယူနိုင်မှု အားနည်းလေ့ရှိရာ သုံးစွဲရန်မသင့်သည့် အလှကုန် ပစ္စည်းများ ဈေးကွက်အတွင်း စီးဆင်းမှုချောမွေ့စေရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေသည်။ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများစာရင်း၌ ပါဝင်လေ့ရှိသည်မှာ မိတ်ကပ်၊ အသားဖြူမျက်နှာလိမ်း ဆေး၊ မျက်နှာပေါင်းတင်ခရင်မ်နှင့် နှုတ်ခမ်းဆိုးဆေးများဖြစ်ပြီး တရုတ်၊ ထိုင်ဝမ်နှင့် ထိုင်းထုတ် အလှကုန်ပစ္စည်းက အများစုဖြစ်သည်။
အလှကုန်ပစ္စည်းများသည် တရားဝင်တင်သွင်း ထားသည့်ပစ္စည်းများဖြစ်သည်။ သက်တမ်းကုန်ဆုံးသော်လည်း ပြန်လည်အသုံးမချနိုင်စေရန် ဖျက်ဆီးခြင်းမပြုသဖြင့် ဈေးကွက်အတွင်း ပြန်လည်စီးဝင်ကာ အထူးလျှော့ဈေးဖြင့် ရောင်းချလေ့ရှိသည်။ အလှကုန်ပစ္စည်း အတုဈေးကွက်သည် ကမ္ဘာတစ်ဝန်းတွင်လည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့် လုပ်ငန်းဖြစ်သည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(OECD)၏ အစီရင်ခံစာ တစ်စောင်အရ Amazon ကဲ့သို့သော e-commerce ပလက်ဖောင်းများတွင် ရောင်းချမှုမြင့်တက်လာ ခြင်းကြောင့် ဇိမ်ခံပစ္စည်းအတုအပသည် အလွန်ပင် အမြတ်အစွန်းများပြားသော အကျိုးတူလုပ်ငန်းဖြစ် လာကြောင်းနှင့် အတုအပထုတ်ကုန်များကြောင့် အလှကုန်လုပ်ငန်းတွင် နှစ်စဉ် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံခန့် ဆုံးရှုံးနေကြောင်း သိရသည်။
တရားစွဲဆိုမှုပေါင်း ၃၈ဝဝဝ ခန့်
မြန်မာနိုင်ငံတွင် လူသိများသည့် ကလေးသုံး ကိုယ်လိမ်းပေါင်ဒါ အမှတ်တံဆိပ်တစ်မျိုးဖြစ်သည့် Johnson & Johnson (J&J) ကို လာမည့် ၂၀၂၃ ခုနှစ်မှစ၍ ကမ္ဘာတစ်ဝန်း ရောင်းချမှုများ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် ကုမ္ပဏီက သြဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ကုန်သည် ရောင်းအား ကျဆင်းလာသဖြင့် လွန်ခဲ့သည့်နှစ်နှစ်မှစ၍ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် ရောင်းချမှုများ ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် ကုမ္ပဏီသည် ၎င်းတို့၏ ကလေးသုံး ကိုယ်လိမ်းပေါင်ဒါနှင့် ပတ်သက်၍ အသုံးပြုသူများထံမှ တရားစွဲဆိုမှုပေါင်း ၃၈ဝဝဝ ခန့်ကို ရင်ဆိုင်နေရသည်။ တရားစွဲသူများက အဆိုပါ ကိုယ်လိမ်းပေါင်ဒါများတွင် ကျောက်ဂွမ်း မှုန့်ပါဝင်နေသဖြင့် ကင်ဆာရောဂါဖြစ်စေကြောင်း ပြောဆိုကြသော်လည်း J&J ကမူ ထိုသို့စွပ်စွဲမှုများကို ငြင်းဆိုထားကြောင်း သိရသည်။
ကုမ္ပဏီများ ပိတ်သိမ်းခြင်း၊ ဒေဝါလီခံခြင်း စသည်တို့သည် စီးပွားရေးလောကတွင် မကြာခဏ မြင်တွေ့ရတတ်သည့် ဖြစ်စဉ်များဖြစ်သည်။ သက်တမ်းရှည်ကုမ္ပဏီကြီးတစ်ခုအနေဖြင့် ၎င်း၏ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲသူ ထောင်ပေါင်းများစွာက တရားစွဲကြရခြင်း၏ အကြောင်းရင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် အဆိုပါစွပ်စွဲချက်များကို မည်သို့ပင် ငြင်းဆိုနေစေကာမူ တရားရုံးစရိတ်အဖြစ် ဒေါ်လာသန်းပေါင်း များစွာကုန်ကျခဲ့ခြင်း၊ စွပ်စွဲသူ အမျိုးသမီး ၂၂ ဦးအတွက် ကုမ္ပဏီက ဒေါ်လာ နှစ်ဘီလီယံကျော်ပေးဆောင်ရန် တရားရုံးက စီရင် ချက်ချမှတ်ခံထားရခြင်းတို့မှာ J&J ၏ ငြင်းဆိုမှုများကို ပျက်ပြယ်စေသည်။ လူသုံးကုန်ပစ္စည်းများ အန္တရာယ်ကင်းရှင်းရေးသည် ဝယ်ယူသုံးစွဲနေကြသည့် အများပြည်သူတို့အတွက် မည်မျှအရေးကြီးကြောင်းကို J&J ၏ ဖြစ်စဉ်က သာဓကဟု ဆိုရမည် ဖြစ်သည်။
ကုန်ပစ္စည်းအတုပြဿနာများသည် ကမ္ဘာ့ကုန်သွယ်ရေးလောကတွင် နိုင်ငံတိုင်းရင်ဆိုင်နေရ သော စိန်ခေါ်မှုကြီးဖြစ်လာနေသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကလည်း ကုန်ပစ္စည်းအတုအပ များကို ထိရောက်စွာနှိမ်နင်းရန် နည်းလမ်းရှာဖွေ လျက်ရှိသည်။ ကုန်ပစ္စည်းအတုနှင့် ကုန်အမှတ်တံဆိပ်အတု ပြဿနာများမှာ ပို၍ပင်ကြီးထွားလာသည်။ အကျိုးအမြတ်များစွာရရှိ၍ ရဲတင်းလာကြသည်။ အတုပြဿနာများကိုခြုံ၍ အကြမ်းဖျင်း ခွဲခြားလျှင် အမျိုးအစားလေးမျိုးရှိနေသည်ကို တွေ့ရသည်။ ကုန်ပစ္စည်းအတုပြုလုပ်ခြင်းနှင့် ရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှား သုံးစွဲခြင်း၊ ကုန်အမှတ်တံဆိပ်ကို ယှဉ်ပြိုင်တင်သွင်းခြင်းနှင့် သုံးစွဲခြင်းတို့ဖြစ်သည်။
အချို့သော ဥပဒေများသည် လွတ်လပ်ရေး မရခင်ကပင် ကြိုတင်ရေးဆွဲထားပြီးဖြစ်
ကမ္ဘာ့နိုင်ငံများတွင် အတုပြဿနာများကို နှိမ်နင်းရန်နှင့်ဥပဒေများရေးဆွဲရန် ဆောင်ရွက် နေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ အသင့်ပြဋ္ဌာန်းထားသော ဥပဒေများရှိပြီးဖြစ်သည်။ အချို့သော ဥပဒေများသည် လွတ်လပ်ရေးမရခင်ကပင် ကြိုတင်ရေးဆွဲထားပြီးဖြစ်သည်ကို ထူးခြားစွာ တွေ့ရှိရသည်။ အချို့သော ဥပဒေများသည် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ လိုအပ်၍ ကြိုတင်မြော်တွေးကာရေးဆွဲပြီး ပြဋ္ဌာန်းကျင့်သုံး လျက်ရှိသည်။ ရာဇသတ်ကြီးဥပဒေ၊ အကောက်ခွန်ဥပဒေ၊ အမျိုးသားအစားအသောက်ဥပဒေ၊ ပိုးသတ် ဆေးဥပဒေ၊ အမျိုးသားဆေးဝါးဥပဒေ၊ ဗဟိုဘဏ် ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေများသည် ထင်ရှားသည်။ အခြားပြဋ္ဌာန်းထားသော ဥပဒေများ သည်လည်း အလားတူအသက်ဝင်၍ စားသုံးသူများ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေး၊ စီးပွားရေး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သော လုပ်ငန်းရှင်များကို ကာကွယ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ အတုပြဿနာများကို ဥပဒေများအရ ဖြေရှင်းရန်၊ နှိမ်နင်းရန် ဆောင်ရွက်လျက်ရှိသည်။
ကုန်ပစ္စည်းအတုများကို စားသုံးသူပြည်သူများ သုံးစွဲ၍ အသက်သေဆုံးခြင်း၊ အဆိပ်မိခြင်း၊ နာတာ ရှည်ရောဂါဖြစ်ပွားခြင်းများ ကြုံတွေ့ခံစားနေရသည်။ လူသုံး၊ အိမ်သုံးပစ္စည်းများ ဈေးကွက်တွင် နေရာမရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။ ဘယ်သူသေသေငတေမာလျှင်ပြီးရော၊ အကျိုးအမြတ်များများရလျှင်ပြီးရော သဘောမျိုးဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ မဆောင်ရွက်သော ပစ္စည်းအတုရောင်းချသူများကို ဥပဒေအရ ရော စားသုံးသူများကပါ လက်မခံဘဲ ကျူးလွန်သူများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖော်ထုတ် ကြဖို့လိုသည်။ လူသုံး၊ အိမ်သုံးပစ္စည်းများကို အတု ပြုလုပ်ရောင်းချသောသူများ တဖြည်းဖြည်း ကွယ်ပျောက်သွားမည်ဖြစ်သည်။
သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများစာရင်း
အလှကုန်ပစ္စည်းများတွင် ပြဒါး၊ ခဲ၊ စတီးရွိုက်၊ ခွင့်မပြုအသားဖြူဆေး၊ ခွင့်မပြုဆိုးဆေး စသည့် ဓာတုပစ္စည်းများနှင့် အန္တရာယ်ရှိပစ္စည်းများ ပါဝင်နေပါက သုံးစွဲသူပြည်သူများတွင် ဓာတ်မတည့်ခြင်း၊ အရေပြား၊ ကျောက်ကပ်နှင့် အသည်းတို့ ထိခိုက်ပျက်စီးခြင်း အပါအဝင် ရေတိုနှင့် ရေရှည်ကာလ ဆိုးကျိုးများရရှိလာနိုင်သည်။ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများစာရင်းတွင် အသားဖြူမျက်နှာ လိမ်းဆေး၊ မျက်နှာပေါင်းတင်ခရင်မ်နှင့် နှုတ်ခမ်းဆိုးဆေးများပါဝင်ပြီး ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် အလှကုန်ပစ္စည်းများက အများစုဖြစ်သည်။ တချို့သော အလှကုန်ပစ္စည်းများမှာ တရားဝင်တင်သွင်းထားသည့် ပစ္စည်းများဖြစ်ပြီး သက်တမ်းကုန်ဆုံးသော်လည်း ပြန်လည်အသုံးမချနိုင်စေရန် ဖျက်ဆီးခြင်းမပြုဘဲ ဈေးကွက်အတွင်း စီးဝင်လာကာ အထူးလျှော့ဈေးဖြင့် ရောင်းချလေ့ရှိသည်။
အတုပြုလုပ်ရောင်းချသူများသည် နာမည်ကြီး ကုန်အမှတ်တံဆိပ်များကိုသာ ပစ်မှတ်ထားကြ သည်။ တန်ဖိုးကြီးမားသော ကုန်ပစ္စည်းများကိုသာ တုပဆောင်ရွက်ကြသည်။ ဈေးကွက်ရှာဖွေစရာ မလိုဘဲ အဆင်သင့်တုပရောင်းချကာ အကျိုးအမြတ် ကြီးမားစွာရရှိကြသည်။ ငွေစက္ကူအတုများ၊ လူသုံး၊ အိမ်သုံးပစ္စည်းအတုများ၊ ဆင်တူယိုးမှားအတုများ လှိုင်လှိုင်ပေါများနေကြခြင်းဖြစ်သည်။ အတုဈေးကွက်ကြီး သက်တမ်းရှည်ကြာစွာ ရပ်တည်နေနိုင်ခြင်းသည် ဈေးနှုန်းချိုသာခြင်း၊ နည်းပညာ အဆင့်မြင့်မားလာခြင်း စားသုံးသူများ၏ ဗဟုသုတ အားနည်းခြင်း၊ တစ်ဦးချင်းဝင်ငွေနည်းပါးခြင်း စသည့် အကြောင်းများကြောင့်လည်းပါဝင်သည်။
ကမ္ဘာတစ်ဝန်းတွင် ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ စားသုံးသူ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးမူဝါဒများ ထွန်းကားလာခဲ့သည်။ ကမ္ဘာတစ်ဝန်း၌ ကျင့်ဝတ်နှင့်မကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများကို ဥပဒေဖြင့်အကာအကွယ်ပေးရန် တောင်းဆိုမှုများ ပိုမိုများပြားလာနေသည်။ ကျင့်ဝတ်နှင့်မညီသည့် ပြုမူဆောင်ရွက် ချက်များကို အကာအကွယ်ပေးခြင်းသည် ကုန်စည်၏ အခြေခံအရည် အသွေးကို ပိုမိုတိုးတက်စေသည်။ စီးပွားရေးလုပ်ငန်းအချင်းချင်း တရားသဖြင့် ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေပါသည်။ ထိုသို့ဖြစ်လာရန်မှာ တာဝန်ရှိသူများအနေဖြင့် လူသုံးကုန်ပစ္စည်းများ အန္တရာယ်ကင်းရှင်းစေရန်နှင့် အန္တရာယ်မကင်းသော ကုန်စည်များကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို ထိရောက်စွာ အကာအကွယ်ပေးရန်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အန္တရာယ်ရှိ အလှကုန်ပစ္စည်းများကို ပြုလုပ်သူ၊ တရားမဝင်အလှကုန်ပစ္စည်းများအား ရောင်းဝယ်ဖောက်ကားသူများ အပေါ် အရေးယူနိုင်သည့် ဥပဒေရှိပြီးဖြစ်ရာ ဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ရေးမှာ အရေးကြီးသည်။ သက်ဆိုင်ရာက ဈေးကွက်အတွင်း ထောက်လှမ်းစစ်ဆေးမှုများရှိသော်လည်း ဝန်ထမ်း အင်အားနှင့် နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ မလုံလောက်မှုကြောင့် တရားမဝင်အလှကုန်ပစ္စည်းများ ဈေးကွက်အတွင်းသို့ စီးဆင်းနေဆဲ ဖြစ်သည်။ ပြည်သူတို့အနေဖြင့် အလှကုန်ပစ္စည်းများကို ဝယ်ယူရာ၌ တရားဝင် မှတ်ပုံတင်ထားသည့် ပစ္စည်းဟုတ်၊ မဟုတ်၊ သက်တမ်း လွန်ပစ္စည်း ဟုတ်၊ မဟုတ်၊ အထူးလျှော့ဈေးများ၊ သဒ္ဒါနှင့် စာလုံး ပေါင်းအမှားများ၊ ချို့ယွင်းချက်ရှိသော ဖောင့်များနှင့် လိုဂိုများ စသည်တို့ကို သေချာစွာ စစ်ဆေးဝယ်ယူသင့်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။