ဘကြီးကောင်း
မောင်မြင့်အေးရေ. . .
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အိုမင်းမစွမ်းဆိုတာ အိုလာရင် မစွမ်းတော့တာလို့ ဆိုတဲ့အတိုင်းတို့လည်း အရွယ်ရလာတော့ မိသားစုအသိုက်အဝန်းနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ တဖြည်းဖြည်း အိုပယ်ကြီးဖြစ်မှန်းမသိ ဖြစ်လာရပြီကွဲ့။
“ညဘက်အပြင်မထွက်နဲ့”၊ “ခြံတံခါးတွေ၊ အိမ် တံခါးတွေပိတ်ပြီးပြီလား”၊ “မီးခလုတ်တွေပိတ်ပြီးပြီလား”၊ “တစ်နေကုန်တစ်နေခန်း ဖုန်းပဲပွတ်မနေနဲ့” စတဲ့ စကားတွေကို သူတို့ နားညည်းတယ်၊ မလွတ်လပ်ဘူး၊ စိုးရိမ်စိတ်ကြီးလွန်းတယ်လို့ပဲ ယူဆကြပုံရတယ်။
ဘကြီးကောင်းတို့ကတော့ ရှေးလူကြီးမိဘတွေရဲ့ ဆိုဆုံးမမှုအောက်မှာ နေသားတကျ ကြီးပြင်းလာခဲ့တော့ နားရည်ဝပြီး အဆန်းမဟုတ်တော့ပေမယ့် ခေတ်လူငယ်တွေအဖို့ကတော့ သူတို့ရဲ့ လွတ်လပ်မှုကို ချုပ်ချယ်တယ်လို့ ယူဆကြမှာပေါ့လေ။
ဘကြီးကောင်းတို့ ငယ်စဉ်ကဆို မိဘဆွေမျိုး မပြောနဲ့။ ရပ်ကွက်ထဲက ရပ်မိရပ်ဖ လူကြီးသူမကအစ ကြောက်ရတယ်။ ရိုသေလေးစားခဲ့ရတယ်။ ရပ်ကွက်ထဲက ကွင်းထဲမှာ ဘောလုံးကန်ရင် ဖုန်ထမှာစိုးလို့ ရေအရင်ဖျန်းပြီးမှ ကစားရတယ်။ ကလေးဘာဝ ရပ်ကွက်ထဲ လောက်လေးခွ တစ်လက်နဲ့ ဟိုပစ်၊ ဒီပစ်ရင်း သူများအိမ်ခေါင်မိုးပေါ် လောက်စာလုံးကျသွားမိရင် အမြန်ဆုံးထွက်ပြေးပေရော့ပဲ။ မဟုတ်ရင်၊ အိမ်ရှင်က “ဘယ်သူ့သား၊ ဘယ်သူ့မောင်၊ ဘယ်သူ့ညီ မဟုတ်လား။ နင်တို့အိမ် လာတိုင်ဦးမယ်” ဆိုရင်ပဲ အဲဒီအိမ်နားကို တစ်ပတ်၊ ဆယ်ရက် ခြေဦးမလှည့်ဝံ့တော့ဘူး။
ရပ်ကွက်သန့်ရှင်းရေးတို့၊ ကိုယ်ထူကိုယ်ထ လမ်းခင်းတာတို့ဆိုလည်း ရပ်ကွက်ထဲက အိမ်ရှိ လူကြီး၊ ကလေးမရွေး တစ်ယောက်တစ်လက်ဝိုင်းကူ လုပ်အားပေးခဲ့ကြရတာပေါ့။ ပေါက်တူးမကိုင် တတ်သေးတဲ့လူငယ်တွေကို လူကြီးတွေက ဘယ်လိုကိုင်၊ ဘယ်လိုပေါက်၊ ခြေထောက်ကို ဘယ်လောက် ချဲစတာတွေကအစ သင်ပြပေးခဲ့ကြတာပေါ့။
ဒါကြောင့်မို့လား မသိဘူး၊ ဘကြီးကောင်းတို့လည်း အရွယ်ရလာတော့ ကိုယ့်သားသမီးတွေ တင်မက ရပ်ကွက်ထဲက ကလေး၊ လူငယ်တွေကအစ အမြင်မတော်တာတွေ့ရင် ပြောတယ်၊ ဆိုတယ်၊ သတိပေးတယ်။ လမ်းမပေါ်မှာ ဘေးဝဲယာမကြည့်ဘဲ ဖုန်းနဲ့ ဂိမ်းကစားလာတာတွေ့ရင် “အိမ်ရောက်မှ ကစားနော်၊ လမ်းမမှာ ကားတွေနဲ့အန္တရာယ်များ တယ်”တို့၊ စက်ဘီးကို လက်နှစ်ဖက်လွှတ်ပြီး စီးတာတွေ့ရင် “ဟေ့၊ ကားတွေရှုပ်နေတယ်” တို့က အစပေါ့။
တချို့ကလေးတွေ၊ လူငယ်တွေကတော့ “ဟုတ်ကဲ့” ဆိုပြီး ယဉ်ကျေးသိမ်မွေ့စွာ လေးစား နာယူလိုက်နာကြပေမယ့် အများစုကတော့ အလေးအနက်သိပ်မရှိကြတော့ဘူး။ ဒီနောက်ပိုင်းတော့ ဘကြီးကောင်းလည်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်လာရတော့တယ်။ အိုလာလို့ ပယ်လာတော့ အိုပယ်ကြီးလည်း တုံဏှိဘာဝေဆိတ်ဆိတ်လေးပဲနေဖြစ် တော့တယ်။
ဒါတောင် တစ်နေ့က ဘတ်စ်ကားစီးရင်း ကလေးမလေးတစ်ယောက် ကားပေါ်အတက်မှာ တန်းကိုမကိုင်ဘဲ အပေါက်ဝမှာ ဖုန်းပြောလက်စ မပြတ်ရပ်နေလို့ ကားထွက်စမှာ စိုးရိမ်စိတ်နဲ့ “ဖုန်းကအရေးကြီးသလား၊ ပြုတ်ကျမယ်” လို့ ပြောဖြစ်အောင် ပြောလိုက်မိသေးတယ်။ ကလေးမလေးကတော့ ခရီးတစ်ဝက်ကျိုးသည်အထိ ဖုန်းပြောမပျက်ပါဘဲ။
ရပ်ကွက်ထဲရောက်ပြန်တော့လည်း ကလေးအုပ်ထဲက ကလေးနှစ်ယောက်၊၊ တစ်ယောက်နဲ့ တစ်ယောက် တွန်းတိုးပြီး ရန်ဖြစ်နေလို့ လှမ်းအော်ပြီး ဟန့်မိသေးတယ်။ ဒီအခါမှာတော့ “သွားမတား နဲ့၊ အဲဒီကောင်လေးတွေက ရိုင်းတယ်” ဆိုပြီး အတူပါလာတဲ့ မိတ်ဆွေက ဘကြီးကောင်းကို ထပ်ဆင့် တားပြန်တော့တယ်။
မောင်မြင့်အေးရေ . . .
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘကြီးကောင်း အပြန်ပြန်အလှန်လှန်စဉ်းစားနေမိတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဘကြီးကောင်းတို့လို လူကြီးမိဘတွေရဲ့ အခန်းကဏ္ဍက တကယ်ပဲ အိုပယ်ဖြစ်လာခဲ့ပြီလား။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ သက်ကြီးစကား သက်ငယ်ကြားဆိုတဲ့ အစဉ်အလာတွေ ပျောက်ကွယ်သွားပြီလား။
ရှေးဘိုးဘွားဘီဘင်တွေ လက်ထက်က နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းလာ ခဲ့တဲ့ ပတ္တမြားထိပ်တင် ထမင်းစားပါ (ဘာဟင်းနဲ့ စားရစားရမြိန်နိုင်မယ့် နေမွန်းတည့် ထမင်းအလွန် ဆာတဲ့အချိန်မှ ထမင်းစားပါ) တို့၊ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ပါ (ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်ပင်များကို စိုက်ပျိုးပါ) တို့၊ ခေါင်းတစ်ရာသားကို စားပါ (အကုန်အကျသက်သာမည့် ငါးသေးသေး ငယ်ငယ်လေးတွေ စားပါ) တို့၊ ဦးခေါင်းသုံးလုံးရှိ သူကို ဆည်းကပ်ပါ (အတွေ့အကြုံ၊ ပညာရင့်သန်သည့် သက်ကြီးရွယ်အိုများထံမှ ဩဝါဒခံပါ ) တို့ စတဲ့အဓိပ္ပာယ်နက်ရှိုင်းတဲ့ သက်ကြီးစကား သက်ငယ်ကြား စကားတွေဟာလည်း လွတ်လပ်ခွင့် ကိုရှေ့တန်းတင်တဲ့ Liberalism ဒီမိုကရေစီခေတ်မှာ ရယ်စရာဟာသတွေ ဖြစ်ကုန်ပြီလားလို့လည်း မေးခွန်းထုတ်မိတယ်။
အဲဒီလိုဖြစ်လာခဲ့ပြီဆိုရင်တော့ မောင်မြင့်အေးတို့လို လူငယ်တွေကို ဘကြီးကောင်း ဇာတ်လမ်း လေးတစ်ပုဒ်ပြောပြမယ်။ စာကြီးပေကြီးထဲက မဟုတ်ပါဘူး။ တစ်ခေတ်တစ်ခါက ရွှေသွေးဂျာနယ်ထဲက အခန်းဆက်ရုပ်ပြဇာတ်လမ်းလေးပါ။ ကလေး တွေ အတွက်သာမက လူကြီးတွေအတွက်ရော လူ့လောကအတွက်ပါ မှတ်သားစရာကောင်းလို့ မှတ်မိနေတယ်။
ရှေးတုန်းက အလှအပအသစ်အဆန်းကို မြတ်နိုးတဲ့ ဘုရင်လေးတစ်ပါးဟာ အလွန်လှပတဲ့ တိုင်းသစ်ပြည်သစ်တစ်ခုတည်ထောင်ဖို့ နယ်မြေသစ်ရှာဖွေခဲ့တယ်။ ခရီးထွက်တဲ့အခါမှာ သက်ကြီးရွယ်အိုတွေပါလာရင် လမ်းခရီးမှာ ဘာမှသုံးစားလို့မရဘဲ ခရီးဖင့်မယ်ဆိုပြီး ခေါ်မလာဖို့ အမိန့်ထုတ်တယ်။
ဖခင်အိုကြီးနဲ့အတူ နေထိုင်နေတဲ့ လူငယ်လေး တစ်ဦးကတော့ သူ့ဖခင်အိုကြီးကို လူမသိအောင်ဝှက်ပြီး ခေါ်လာခဲ့တယ်။ လမ်းခရီးမှာ သောက်သုံးရေကအစ အခက်အခဲမျိုးစုံ တွေ့လာတဲ့အခါမှာ လူငယ်လေးဟာ သူ့ဖခင်အိုကြီးကို တီးတိုးမေးမြန်းပြီး အခက်အခဲ ပေါင်းစုံကို ကျော်လွှားဖြေရှင်းပေးနိုင်ခဲ့တယ်။
ဘုရင်လေးဟာ ထိုလူငယ်လေးကို သတိပြုမိပြီး အကြောင်းစုံကို မေးမြန်းစုံစမ်းတော့ နောက်ဆုံးမှာ ဖခင်အိုကြီးကို ဝှက်ပြီးခေါ်လာခဲ့တာ သိသွားတယ်။ အပြစ်ဒဏ်ပေးမယ်လုပ်တဲ့အခါမှာ ဖခင်အိုကြီးက သူ့သားက သူ့ကိုခေါ်ခဲ့လို့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာဆိုပြီး တင်လျှောက်မှ ဘုရင်လေးဟာ “အသက်ကြီးလေလေ၊ အတွေ့အကြုံများလေလေ။ အတွေ့အကြုံများလေလေ၊ ဉာဏ်အမြော်အမြင်ကြီးလေလေ”ဆိုတဲ့ အသိတရား ရသွားခဲ့တယ်ကွဲ့။
မင်္ဂလသုတ်မှာလည်း “သောဝစဿတ၊ သူတော်ကောင်းတို့က အကျိုးလိုလားတဲ့ ဆိုဆုံးမမှုစကားကို နာယူလွယ်ခြင်းက မြတ်သောမင်္ဂလာဖြစ်တယ်”တို့၊ မေတ္တသုတ်မှာလည်း ပညာရှိတို့ ဆိုဆုံးမလွယ်သူ ဖြစ်ရာ၏လို့ မြတ်စွာဘုရားရှင်က ဟောကြားတော်မူ ခဲ့တယ်ကွဲ့။
ငါးရာ့ငါးဆယ်ထဲက နိပါတ်တိလမုဋ္ဌိဇာတ်မှာဆိုရင်လည်း ဒိသာပါမောက္ခဆရာကြီးထံမှာ ပညာ သင်ကြားနေတဲ့ ဗာရာဏသီမင်းရဲ့သားတော် တစ်ပါးဟာ ရွာထဲမှာပိုင်ရှင်တစ်ဦး နေပူလှန်းထားတဲ့နှမ်းကို နေ့တိုင်း အဓမ္မယူစားသတဲ့။ ပိုင်ရှင်က သည်းမခံနိုင်တဲ့အဆုံး ဆရာကြီးထံလာတိုင်တော့ ဆရာက တပည့်ကိုရိုက်ပြီး ဆုံးမတယ်။ ဒါကို တပည့်က အခဲမကျေဘဲ ရှင်ဘုရင်ဖြစ်တဲ့အခါမှာ ဆရာကြီးကို ပူဇော်ချင်လို့ပါလို့ လိမ်ခေါ်ပြီး ပြစ်ဒဏ် မပေးမီ သူ့ကိုလူပုံအလယ်မှာရိုက်တာ သတိရသေး လားလို့မေးတယ်။ ဆရာကြီးက သူဒီလိုဆုံးမခဲ့လို့ ဘုရင်ဖြစ်ခဲ့တာ၊ မဆုံးမခဲ့ရင် သူခိုးလေးက သူခိုးကြီးဖြစ်ပြီး ထီးနန်းတောင်စံရမှာ မဟုတ်ဘူးလို့ ပြန်ပြောတော့မှ ဆရာ့ကျေးဇူးကို ဆင်ခြင်မိပြီး တကယ်ပူဇော်ဖြစ်တော့သတဲ့။
မောင်မြင့်အေးရေ . . .
တကယ်တော့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှ မဟုတ်ပါဘူး၊ လူ့ဘောင်လောကကြီး တစ်ခုလုံးဟာ ပညာရှိသူတော်ကောင်းများရဲ့ ဆုံးမဩဝါဒတွေ၊ လောကရဲ့အနိမ့်အမြင့် အခက်အခဲပေါင်းစုံကိုကြုံခဲ့၊ ဆုံခဲ့ပြီး အတွေ့အကြုံများစွာ၊ ဗဟုသုတဉာဏ် အမြော်အမြင်များစွာရှိခဲ့တဲ့ လူကြီးမိဘတွေရဲ့ လမ်းညွှန်မှုတွေ၊ သွန်သင်ဆုံးမမှုတွေဟာ လိုအပ်နေမှာပါပဲ။
မြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီး သတ္တဌာန ခုနစ်ဌာနမှာ ၄၉ ရက်တာ ဖလသမာပတ်ချမ်းသာကိုခံစားပြီးနောက် အဇပါလ ညောင်ပင်ရင်းအောက် ထိုင်တော်မူစဉ် တရားတော် ရဲ့လေးနက်မှု၊ နက်နဲသိမ်မွေ့မှုနဲ့ ကာမဂုဏ်အာရုံ တွေထဲမှာ နစ်မွန်းနေကြတဲ့ သတ္တဝါအများစုရဲ့စရိုက် လက္ခဏာအခြေအနေတို့အပေါ် နှိုင်းယှဉ်ဆင်ခြင် ရင်း တရားမဟောလိုတဲ့ စိတ်အကြံဖြစ်ပေါ်ခိုက်မှာ သဟမ္ပတိဗြဟ္မာမင်းက “နုဿတိ ဝတဘောလောကော (အိုအချင်းတို့ - လောကကြီး ပျက်စီးလတ္တံ၊ ပျက်စီးတော့မည်) ” လို့ စိုးရိမ်တကြီး ညည်းတွားပြီး သတ္တဝါတွေကို တရားဟောဖော်ညွှန်းပြ ဆိုဆုံးမဖို့ တောင်းပန်လျှောက်ထားခဲ့ရပါတယ်။
မျက်မှောက်ကာလမှာလည်း မြတ်ဗုဒ္ဓရဲ့ သားတပည့် ရဟန်းသံဃာတော်အရှင်သူမြတ်တွေ၊ ပညာ ရှိသူတော်ကောင်းတွေ နှုတ်ဆိတ်တော့မယ်ဆိုရင် လောကမှာ သူတော်ကောင်းတရားတွေ ဆုတ်ယုတ်ပြီး လောကကြီးဟာ ပျက်စီးသွားပါလိမ့်မယ်။
ထို့အတူပါပဲ။ ဗဟုသုတ အကြားအမြင်ကြီးမား တဲ့၊ ဉာဏ်အမြော်အမြင်ကြီးမားတဲ့ လူကြီး မိဘတွေ လျစ်လျူရှု မျက်နှာလွှဲလာတော့မယ်ဆိုရင်လည်း မြန်မာ့လူ့ဘောင်မှာ အစဉ်တစိုက်လိုက်နာကျင့်သုံးလာခဲ့တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်တွေ တစ်စတစ်စ ပျောက်ကွယ်သွားပါလိမ့်မယ်။
ဒါကြောင့်မို့ လူငယ်၊ လူရွယ်များအနေနဲ့ ကိုယ့်ထက်အတွေ့အကြုံ၊ ဗဟုသုတ၊ အကြား အမြင်ကြီးမားတဲ့ လူကြီးမိဘများရဲ့ သက်ကြီးစကား သက်ငယ်ကြားတဲ့အခါမှာ အလေးထား နာယူနှလုံး သွင်းကြဖို့ လိုအပ်ပါတယ်။ ။