နိုဝင်ဘာ ၈
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်တွင် နိုဝင်ဘာ ၆ ရက်က အဆောက်အအုံတစ်လုံးမီးလောင်ကျွမ်းမှုကြောင့် ၁၁ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် အပျက်အစီးများအောက်တွင် ပိတ်မိနေသည်ဟု ယူဆရသည့် ပျောက်ဆုံးနေသူ ၁၁ ဦးအား အီရတ်ကယ်ဆယ်ရေးအဖွဲ့က ယမန်နေ့က ရှာဖွေမှုများဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။
အယ်လ်-ဝါဇီရီရာ့ရှ်စက်မှုဇုန်ရှိ မီးလောင်လွယ်သောရေမွှေးများသိုလှောင်ရုံပါရှိသည့် သုံးထပ်အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အီရတ်အရပ်ဘက်ကာကွယ်ရေးလက်ထောက်ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
ထိုမီးလောင်ကျွမ်းမှုကြောင့် သုံးထပ်အဆောက်အအုံ၏အပေါ်နှစ်ထပ်ပြိုကျသွားခဲ့ပြီး ထိုနေ့ညနေနှောင်းပိုင်းအထိ မီးငြှိမ်းသတ်မှုပြုလုပ်ခဲ့ရသည်ဟု ၎င်းကဆိုသည်။
ကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးနေသူများကို ရှာဖွေရန် ထိုအပျက်အစီးများကို ဖယ်ရှားကာဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းအဆောက်အအုံ၏အပေါ်နှစ်ထပ်ပြိုကျမှုကြောင့် ၎င်းအပါအဝင် အရပ်ဘက်ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို