နေပြည်တော် နိုဝင်ဘာ ၈

 

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ တောင်ဝိုင်းကြီး နေလသိဒ္ဓိ ဆုတောင်းပြည့်စေတီတော်၌ ကျင်းပရာ ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ  ညောင်ကုန်းကျောင်းတိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များ ရွတ်ဖတ်တော်မူသည့် ငါးရံ့မင်းပရိတ်တော်ကို နာယူကြသည်။

 

ယင်းနောက် ဆရာတော် သံဃာတော်များဦးဆောင်၍ ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒေသ ပါဠိတော် သုံးကြိမ် ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တောင်ဝိုင်းကြီးနေလသိဒ္ဓိ ဆုတောင်းပြည့်စေတီတော်အနီးရှိ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို လှည့်လည်ဖူးမြော်ကြည်ညိုသည်။

 

ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊  နေပြည်တော် သာသနာရေး ဦးစီးဌာန သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)