နေပြည်တော် နိုဝင်ဘာ  ၈

 

ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွား၍ တစ်ပိုင်တစ်နိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းငယ် (Micro)များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် MSME Association (နေပြည်တော်)တို့ ပူးပေါင်း၍ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က “လုပ်ငန်းရှင်များအနေဖြင့် Digital Marketing Platform များမှာ လိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ MSME Association ဥက္ကဋ္ဌ ဦးကျော်စွာဝင်းက ဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တက်ရောက်လာသည့် သင်တန်းသား တစ်ဦးချင်းစီက မိတ်ဆက်စကားပြောကြားပြီး အသင်းမှ ဌာနသို့ အလှူငွေပေးအပ်ခြင်းနှင့် အသင်းသို့ သင်တန်း ကုန်ကျစရိတ် လှူဒါန်းပေးသော လုပ်ငန်းရှင်နှစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 

အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၆ ဦး တက်ရောက်ကြပြီး သင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ ဖျော်ရည်မျိုးစုံ၊ ယိုမျိုးစုံ၊ ရေခဲမုန့်နှင့် ပေါက်ပေါက်ပြုလုပ်နည်းတို့ကို ငါးရက်အကြာ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)