နေပြည်တော်၊ နိုဝင်ဘာ

 

စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ အထွက်နှုန်းတိုးတက်ရေးသာမက တောင်သူများ၏ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရမှုနှင့် ထိုက်တန်သည့် အကျိုးအမြတ်ခံစားနိုင်ရေးအတွက် စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ အသိပညာများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တောင်သူများနှင့် တိုက်ရိုက်ထိတွေ့ ဝန်ဆောင်မှုပေးနေကြသည့် နိုင်ငံဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးကိုလည်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူးများအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကို ယနေ့တွင် နေပြည်တော် ရုံးအမှတ်(၄၃)၌ အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ဒေသအလိုက် သီးနှံအလိုက် ကြုံတွေ့နိုင်သော ပြဿနာများနှင့် အထိရောက်ဆုံး တုံ့ပြန်ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ဒေသရေမြေရာသီဥတုကို အခြေခံ၍ စိုက်ပျိုးထုတ်လုပ်သူအတွက် ဝင်ငွေအကျိုးအမြတ်များစေမည့် သီးနှံပုံစံရွေးချယ်ဆောင်ရွက်ပေးနိုင်ရေး၊ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းဆိုင်ရာများ၊ ငွေစာရင်းဆိုင်ရာ ပညာရပ်များကို သက်ဆိုင်ရာ ကျွမ်းကျင်သူ အရာထမ်းများက နိုဝင်ဘာ ၈ ရက်မှ ၁၈ ရက်အထိ ပို့ချ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လစဉ်ကျင်းပလျက်ရှိသည့် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲများမှ ဆွေးနွေးဖော်ထုတ်ချက်များ၊ စိုက်ပျိုးရေး ကောလ်စင်တာသို့ မေးမြန်း လာမှုများ အပါအဝင် လယ်ယာလုပ်ငန်းခွင်များမှ ရရှိထားသည့် သတင်းအချက်အလက်များကို စုစည်း၍ ဝန်ကြီးဌာအောက်ရှိ ဦးစီးဌာနများက ဖွင့်လှစ်သည့် သင်တန်းများဆွေးနွေးပွဲများ၌ ထည့်သွင်းဆွေးနွေးဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများ၏ လက်တွေ့ဆောင်ရွက်မှုတွင် ထိရောက် သော စွမ်းဆောင်မှုများဖြစ်စေရေး စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။

(သတင်းစဉ်)