နေပြည်တော်  နိုဝင်ဘာ  ၈

 

တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ခရိုင်နှင့် မြို့နယ်များအလိုက် လုပ်ဆောင်ရမည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးနှင့်စည်းရုံးရေးဆိုင်ရာလုပ်ငန်း များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးပြီး အခြားလုပ်ငန်းများကို လည်း အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်၍ လုံခြုံမှုရှိရန် အရေးကြီးပါ ကြောင်း၊ ခရိုင်/မြို့နယ်များရှိ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနိုင်းကာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က ပြောကြား သည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့်လည်း မြေပြင်မှာ အမှန်တကယ် ဆောင်ရွက်နေကြရသည့် ဌာနဆိုင်ရာအသီးသီးရဲ့ လုပ်ငန်းများအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားကြရန်နှင့် လုပ်ငန်းတိုးတက်မှု၊ အခက်အခဲ လိုအပ်ချက် များရှိပါကလည်း အချိန်နှင့်တစ်ပြေးညီတင်ပြကာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များ အတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေး ဆောင်ရွက် နေမှု၊ MSME လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မိမိတို့ ခရိုင်များ အတွင်းရှိ ခရိုင်/မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်တင်ပြ ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့ တက်ရောက်လာ သူများ၏ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)