ကျွန်းလှ နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း ဆောင်းသီးနှံ ၅၉၁၄၅ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဆောင်းသီးနှံ ၅၉၁၄၅ ဧက စိုက်ပျိုးရန် လျာထားပါတယ်။ အောက်တိုဘာလကုန်အထိ ဧက ၁၇၄၅၀ စိုက်ပျိုးပြီးဖြစ်ပါတယ်။ သီးထပ်၊ သီးညှပ် စိုက်ပျိုးဖို့ တောင်သူတွေနဲ့ ဆွေးနွေးနေပါတယ်။ ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များ လိုက်နာကျင့်သုံးစေခြင်း၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေခြင်း၊ ပိုးမွှားကျရောက်မှု ကာကွယ်နှိမ်နင်းနည်း စသည့်စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ နွေစပါး ၂၉၄၈ ဧက၊ ပဲမျိုးစုံ ၂၆၂၃၁ ဧက၊ ဆီထွက်သီးနှံ ဧက ၂၆၆၉၀၊ စားဖိုဆောင်သီးနှံ ၇ ဧက၊ အခြားသီးနှံ ၃၂၆၉ ဧက၊ စုစုပေါင်း ၅၉၁၄၅ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)