နေပြည်တော် နိုဝင်ဘာ ၁၀
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ဆောင်ပုဒ်၊ ဦးတည်ချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဗဟိုကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူများမှ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပပြီးစီးမှုအစီရင်ခံစာကို ကောက်နုတ်တင်ပြသည်။
ယင်းနောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှူး၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းမြင့် က ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ စီမံချက်ကိုတင်ပြ၍ ဆုံးဖြတ်ရန် ကျန်ရှိသည့်အချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များက ဆွေးနွေးဆုံးဖြတ် အတည်ပြုကြသည်။
အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်က အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်၊ ဦးတည်ချက်များနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီဝင်များနှင့် အစည်းအဝေး တက်ရောက်လာသူများက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို အစီအစဉ်တိုင်း ဆက်လက်ကျင်းပခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်