သိန်းထွန်း (IR)
တဖြည်းဖြည်းတိုးမြင့်နေသည့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းနက်စေသည့် အကြောင်းရင်း တစ်ရပ်လည်း ဖြစ်လာနေပါသည်။
တစ်ပြိုင်နက်တည်းတွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်လာသည့် အကျပ်အတည်းများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာအတွက် ပိုမို ကောင်းမွန်သည့် လူမှုဘဝများတည်ဆောက်ရေးမှာ ယနေ့ထက်တိုင် ကြီးမားသော စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်ပါသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် ရေရှည်ဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး အနာဂတ်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် မမျှော်မှန်းနိုင်သည့် အခက်အခဲအတားအဆီးများကို ဖြစ်စေလျက်ရှိပါသည်။ ထိုအခက်အခဲ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံအသီးသီး၊ ဒေသအသီးသီးက ကြိုးပမ်းနေကြသည့်တိုင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်များ တိုးမြင့်လျက်ရှိနေပါသည်။
ကာလတိုအတွင်း ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များ
၂၀၂၂ ခုနှစ် Intergovernmental Panel on Climate Change (IPCC) အစီရင်ခံစာပါ ၂၀၁၂ ခုနှစ်မှ ၂၀၄၀ ပြည့်နှစ် ကာလတိုခန့်မှန်းချက်အရ မကြာမီကာလအတွင်း အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိလာမည့် ကမ္ဘာကြီးပူနွေး လာမှုသည် ရာသီဥတုဆိုင်ရာ အန္တရာယ်များစွာကို ရှောင်လွှဲ၍မရဘဲ တိုးမြင့်လာလျက်ရှိပြီး ဂေဟစနစ် များနှင့် လူသားတို့အတွက် အန္တရာယ်များစွာကို ဖြစ်ပေါ်စေလျက်ရှိကြောင်း ဆိုပါသည်။
ဘေးအန္တရာယ်အဆင့်သည် တုံ့ပြန်နိုင်မှု အားနည်းခြင်း၊ ပြင်းထန်သော ရာသီဥတုဒဏ် ခံရခြင်း၊ လူမှုစီးပွားဘဝ တိုးတက်မှုအဆင့်နှင့် အလိုက်သင့်ပြောင်းလဲနိုင်ခြင်းဆိုင်ရာ တစ်ချိန်တည်း တစ်ပြိုင်တည်း လတ်တလော လုပ်ဆောင် နိုင်မှုများအပေါ် မူတည်ပါသည်။ ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ နီးကပ်လာသည့် ကမ္ဘာကြီးပူနွေး လာမှုအား တားဆီးသည့် လတ်တလောလုပ်ဆောင် မှုများသည် ပိုမိုမြင့်မားသော ပူနွေးမှုအဆင့်နှင့် နှိုင်းယှဉ်ပါက လူသားစနစ်နှင့် ဂေဟစနစ်များ၌ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်နေသည့် ခန့်မှန်းထားသော ဆုံးရှုံးမှုများနှင့် ပျက်စီးမှုများကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်ပါသည်။
သို့သော်လည်း ၎င်းတို့အားလုံးကို ဖယ်ရှား နိုင်မည်မဟုတ်ကြောင်း ဆိုပါသည်။ မဝေးတော့ သည့်ကာလတွင် သဘာဝနှင့် လူသားစနစ်များအပေါ် သက်ရောက်နေသည့် ရာသီဥတုဆိုင်ရာ အန္တရာယ်များသည် ရာသီဥတုဘေးအန္တရာယ် ဆိုင်ရာ ကွာခြားမှုများထက် ၎င်းတို့၏ ခံနိုင်ရည် ရှိမှုနှင့် ပြင်းထန်သော ရာသီဥတုဒဏ်ခံရခြင်းဆိုင်ရာ ပြောင်းလဲနိုင်စွမ်းရှိမှုတို့အပေါ်တွင် ပိုမိုမူတည် နေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ကာလရှည်ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များ
၂၀၄၁ ခုနှစ်မှ ၂၁၀၀ ပြည့်နှစ်အထိ ကာလရှည် ခန့်မှန်းမှုအရ ၂၀၄၀ ပြည့်နှစ်အလွန်ကာလ၌ ကမ္ဘာ ကြီး ပူနွေးလာမှုအဆင့်အပေါ်မူတည်၍ ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝနှင့် လူသားစနစ်များအတွက် များပြားလှသည့် ဘေးအန္တရာယ်ဖြစ်ပေါ် စေမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
တွေ့ရှိထားပြီးသည့် အဓိကဘေးအန္တရာယ် ၁၂၇ ခုအတွက် အကဲဖြတ်ထားသည့် ကာလလတ် နှင့် ကာလရှည် အကျိုးသက်ရောက်မှုများသည် လတ်တလော တွေ့ရှိထားသည်များထက် အဆပေါင်းများစွာ မြင့်မားနိုင်ကြောင်း ဆိုပါသည်။ ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ်သည့် အန္တရာယ်များ၏ ပြင်းထန်မှုနှင့် ဖြစ်ပွားနှုန်းသည် ကာလတိုလျော့ပါး သက်သာရေးလုပ်ဆောင်မှုနှင့် လိုက်လျောညီထွေ ဖြစ်စေသည့် လုပ်ဆောင်မှုများအပေါ်တွင် အဓိက မူတည်နေပါသည်။
ထို့အပြင် ခန့်မှန်းထားသည့် ဆိုးရွားသော သက်ရောက်မှုများအပြင် ဆက်စပ်ဆုံးရှုံးမှုများနှင့် ပျက်စီးမှုများမှာလည်း ကမ္ဘာကြီးပူနွေးလာမှုနှင့်အညီ တိုးမြင့်လာနေပါသည်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် အထူးသဖြင့် အစားအစာဖူလုံရေးနှင့် အာဟာရလျော့ကျလျက်ရှိသည့် ထိခိုက်လွယ်သော ဒေသများတွင် စားနပ်ရိက္ခာထုတ်လုပ် မှုနှင့် စားနပ်ရိက္ခာရရှိနိုင်မှု အခွင့်အလမ်းအပေါ် ဖိအားများ တိုးလာစေမည်ဖြစ်ပါသည်။ မိုးခေါင်မှု များ၊ ရေလွှမ်းမိုးမှုများနှင့် အပူလှိုင်းများဖြစ်ပွားမှု အကြိမ်ရေ၊ ပြင်းထန်မှုနှင့် အလွန်အကြူးဖြစ်မှုများ တိုးမြင့်လာပြီး ပင်လယ်ရေမျက်နှာပြင် ဆက်လက် မြင့်တက်မှုများသည် ၁ ဒသမ ၅ စင်တီဂရိတ်နှင့် ၂ ဒီဂရီစင်တီဂရိတ်အကြား အသင့်အတင့်မှ မြင့်မား သည့်အဆင့်ရှိ ထိခိုက်လွယ်သောဒေသများရှိ စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ ဘေးအန္တရာယ်များ မြင့်တက်လာမည်ဖြစ်ပါသည်။
အထူးသဖြင့် လိုက်လျောညီထွေမှုအဆင့် နိမ့်နေသည့် သို့မဟုတ် မရှိသည့်ဒေသများတွင် ဘေးအန္တရာယ် ပိုမိုထိခိုက်စေမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရပါသည်။ အပူချိန် ဆက်လက်တိုးမြင့်လာမှုနှင့်အတူ ဖြစ်လာမည့် ဘေးအန္တရာယ်များသည် ခန့်မှန်းထားသည်ထက် ပိုမိုမြင့်တက်လာမည်ဟုလည်း ဖော်ပြထားပါသည်။
မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးစိန်ခေါ်မှုများ
မြန်မာနိုင်ငံသည် သဘာဝဘေးများနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် ထိခိုက်မှုအများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး လာမည့်နှစ်များအတွင်း ဘေးအန္တရာယ်အသစ်များကြောင့် အထိခိုက်နိုင်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း MIMU Analytical Briefs အစီရင်ခံစာက ဆိုပါသည်။ ယင်း၏ အကျိုးဆက်မှာ အသက်ဆုံးရှုံးမှုများ၊ အသက်မွေး ဝမ်းကျောင်းမှုများနှင့် ပစ္စည်းဥစ္စာများ သိသိသာသာ ဆုံးရှုံးနိုင်သည့်အပြင် နိုင်ငံ GDP ၏ သုံးရာခိုင်နှုန်းခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပြီး ရေရှည်အကျိုး သက်ရောက်မှုများမှာ ပိုမိုကြီးမားနိုင်ကြောင်းလည်း သုံးသပ်ထားပါသည်။
၂၀၁၉ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်အတွင်း ပေါ်တိုရီကို၊ မြန်မာနှင့် ဟေတီနိုင်ငံတို့သည် ပြင်းထန်သောရာသီဥတုဆိုင်ရာ အဖြစ်အပျက်များ ကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံများဖြစ်ကြောင်း Global Climate Risk Index 2021 တွင် တွေ့ရပါသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု အကြိမ ်အရေအတွက်နှင့် ပြင်းထန်မှုတို့အပေါ် သက်ရောက်လျက်ရှိပြီး ရေကြီးခြင်း၊ မုန်တိုင်း ဝင်ရောက်ခြင်းနှင့် မိုးခေါင်ခြင်းတို့ မကြာခဏနှင့် ပြင်းထန်လာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။
ထို့အပြင် ဒီရေတောများနှင့် သစ်တောများကဲ့သို့သော သဘာဝဂေဟစနစ်များ ဆုံးရှုံးခြင်း၊ နှစ်စဉ် ပျမ်းမျှအပူချိန် မြင့်တက်လာခြင်းနှင့် မိုးရွာသွန်းမှုပိုမိုပြင်းထန်လာနိုင်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းအန္တရာယ် စသည်တို့သည် မြန်မာနိုင်ငံ လူထုအပေါ် သဘာဝဘေးအန္တရာယ် ဖြစ်စေသည့် အကြောင်းရင်းများအဖြစ် တွေ့ရပါသည်။
မြန်မာနိုင်ငံအတွင်း ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတို့ကြောင့် မကြာသေးမီ နှစ်များအတွင်း အပူချိန်နှင့် မိုးရွာသွန်းမှုဆိုင်ရာ သိသိသာသာ စံချိန် တင်ခဲ့ကြောင်း သိရပါသည်။ မြန်မာနိုင်ငံသည် ၎င်း၏ ပထဝီဝင်အနေအထားကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နှစ်စဉ်ရင်ဆိုင်နေရပါသည်။ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတို့သည် မြန်မာနိုင်ငံ ရင်ဆိုင် နေရသည့် စိန်ခေါ်မှုများကို ပိုမိုတွန်းအားပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မတူညီသောဒေသ အသီးသီးတွင် ပုံမှန်နီးပါးဖြစ်နေသည့် ခြိမ်းခြောက် မှုများတွင် ငလျင်၊ ဆူနာမီ၊ ဆိုင်ကလုန်းမုန်တိုင်း များ၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မီးလောင်ကျွမ်းခြင်းနှင့် မိုးခေါင်ခြင်းတို့ ပါဝင်ပါသည်။
ရာသီဥတု ပြောင်းလဲမှုကြောင့် မုန်တိုင်းများနှင့် မိုးခေါင်မှုများ မကြာခဏဖြစ်ပေါ်စေပြီး ပိုမို ပြင်းထန်လာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားပါသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာခြင်းသည်လည်း ကမ်းရိုးတန်းဒေသခံများအတွက် ခြိမ်းခြောက်မှုအသစ်များ ဖြစ်ပေါ်စေနိုင်ပြီး ရာသီဥတု ပြောင်းလဲခြင်းနှင့် အပူဒဏ်ကြောင့် စိုက်ပျိုးရေးအတွက် စိန်ခေါ်မှုအသစ်များကို ဖြစ်ပေါ်စေလျက်ရှိပါသည်။
အကျိုးသက်ရောက်လာနိုင်မှုများ
မြန်မာနိုင်ငံ၏ နှစ်စဉ်ပျမ်းမျှအပူချိန်များသည် ဆယ်စုနှစ်များစွာအတွင်း မြင့်တက်လျက်ရှိပြီး ဆက်လက်၍လည်း မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ မြန်မာနိုင်ငံတွင် အပူချိန် တိုးလာမှုသည် ၂၀၄၀ ပြည့်နှစ်အထိ တဖြည်းဖြည်း ဆက်လက်တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြပြီး ထိုထက် ပိုမိုကြာရှည်နိုင်ဖွယ် ရှိနေပါသည်။ တစ်နိုင်ငံလုံး နေ့စဉ်ပျမ်းမျှအပူချိန်သည် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ဆယ်စုနှစ်တစ်ခုလျှင် သုည ဒသမ ၂၅ ဒီဂရီစင်တီဂရိတ်ခန့် မြင့်တက်ခဲ့ပြီး နေ့စဉ် အမြင့်ဆုံးအပူချိန်သည် ဆယ်စုနှစ်တစ်ခုလျှင် သုည ဒသမ ၄ ဒီဂရီစင်တီဂရိတ် တိုးလာခဲ့ပါသည်။
ကုန်းတွင်းဒေသများသည် ကမ်းရိုးတန်းဒေသများထက် ပျမ်းမျှနှင့် အမြင့်ဆုံးအပူချိန် နှစ်ခုစလုံး တွင် အနည်းငယ် ပိုမိုပူနွေးခဲ့သည်။ ထို့အပြင် ရာသီဥတုပြောင်းလဲလာသည့် အကျိုးဆက်သည် မြန်မာနိုင်ငံ၌ လာမည့်ဆယ်စုနှစ်များအတွင်း သိသိသာသာ ပြောင်းလဲလာမည်ဟု ခန့်မှန်းထားပြီး မြန်မာ့ဂေဟစနစ်အပေါ် သိသိသာသာနှင့် ကာလရှည်ကြာ အကျိုးသက်ရောက်မှုများရှိနေပြီး လူသား ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံမှု၊ အခြေခံအဆောက်အအုံ၊ ဒေသတွင်း အသက်မွေး ဝမ်းကျောင်းမှုနှင့် ပိုမိုကြီးမားသော စီးပွားရေးတို့ အပေါ် သက်ရောက်မှုရှိမည်ဟု ခန့်မှန်းထားသည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံသဘာဝဘေးစီမံခန့်ခွဲမှု
မြန်မာနိုင်ငံသည် အာဆီယံဒေသတွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝ ဘေးအန္တရာယ်မျိုးစုံ ရင်ဆိုင်နေရသော နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။ ထို့အတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ကမ်းရိုးတန်းဒေသများ၊ ပြည်သူ့ကျန်းမာရေးနှင့် ရေအရင်း အမြစ်များကို ထိခိုက်စေလျက်ရှိပါသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်များသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ တုံ့ပြန်နိုင်စွမ်း အားနည်းမှုတို့အပေါ် အရေးပါသည့် အကျိုးသက်ရောက်မှုတစ်ခု ဖြစ်လျက်ရှိပါသည်။
ရာသီဥတုပြောင်းလဲမှုသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အဓိကခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လျက်ရှိပါသည်။ ထိုခြိမ်းခြောက်မှုကို ကိုင်တွယ် ဖြေရှင်းရန်အတွက် လိုက်လျောညီထွေရှိသည့် မူဝါဒ များ၊ စီမံကိန်းများဖြင့် ရေတိုအကျိုးသက်ရောက် မှုများကို လျော့နိုင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များကို ထိရောက်စွာ တုံ့ပြန် နိုင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝစနစ်များ ထိန်းသိမ်းရန်၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မူဝါဒများ၊ စီမံကိန်းများကို အကောင်အထည် ဖော်လျက်ရှိသည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ မူဘောင်သဘောတူညီချက် (United Nations Framework Convention on Climate Change-UNFCCC) အား ၁၉၉၂ ခုနှစ်တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အတည်ပြု ခဲ့ပါသည်။ ကျိုတိုနိုင်ငံတကာ သဘောတူညီချက်ကို ၂၀၀၃ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။
မြန်မာနိုင်ငံတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပွား ပြီးနောက် ပထမဆုံးသော သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒတစ်ခုဖြစ်သည့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ တည်မြဲအမိန့်ကို ၂၀၀၉ ခုနှစ်တွင် ရေးဆွဲထုတ်ပြန်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ပါရီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့ပါသည်။
ပြဋ္ဌာန်းထားသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ ၁၂ ခု ဖွဲ့စည်း ထားသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသားရာသီဥတုပြောင်းလဲမှုဆိုင်ရာ လိုက်လျော ညီထွေဖြစ်ရေး လုပ်ဆောင်မှုအစီအစဉ် (NAPA) ကို ၂၀၁၂ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့ပါသည်။ အလားတူပင် မြန်မာနိုင်ငံ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်း စီမံချက် Myanmar Action Plan for Disaster Risk Reduction (MAPDRR) ကို ရေးဆွဲအကောင် အထည်ဖော်ခဲ့သည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် Myanmar Climate Change Strategy and Action Plan (MCCSAP) ၂၀၁၈ - ၂၀၃၀ ကို ရေးဆွဲအကောင် အထည်ဖော်လျက်ရှိပြီး အခြားဆက်စပ်သည့် သဘာဝဘေးအန္တရာယ်၊ သဘာဝပတ်ဝန်းကျင်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင် စသည့်ဆက်စပ်စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်လျက်ရှိသည်ကို တွေ့ရပါသည်။
ကျင်းပဆဲ COP27 ၏ ရည်မှန်းချက်တစ်ရပ်
ယနေ့ဆိုလျှင် အီဂျစ်နိုင်ငံတွင် ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာညီလာခံ COP27 ကို နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ကုလသမဂ္ဂ ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံများသည် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change - UNFCCC) ၏ နှစ်စဉ်ကျင်းပသည့် ညီလာခံများဖြစ်သည်။ COP27 သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်း၊ လိုက်လျောညီထွေဖြစ်စေသည့် ကြိုးပမ်းမှုများ အရှိန်မြှင့်တင်ခြင်းဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြိုးပမ်းမှုများ မြှင့်တင်ရန် နှင့် ထိုသို့ ကြိုးပမ်းပြောင်းလဲစဉ်ကာလ၌ ကမ္ဘာ တစ်ဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအား ဦးစားပေးအဖြစ် သတ်မှတ်၍ သင့်လျော်သော ဘဏ္ဍာငွေစီးဆင်းမှုများ တိုးမြှင့်သွားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရပါသည်။
ယခုနှစ် ကျင်းပလျက်ရှိသည့် COP27 ၏ ရည်မှန်းချက်များကို အောက်ပါအတိုင်း တွေ့ရ ပါသည် -
(က) လျှော့ချရေး။ အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် “စံနမူနာပြ” နိုင်သည့် အခြေ အနေရှိသော နိုင်ငံများအနေဖြင့် ဦးဆောင် ၍ ချက်ချင်းလုပ်ဆောင်ရန်နှင့် ကမ္ဘာကြီး ပူနွေးလာမှုကို ၂ ဒီဂရီစင်တီဂရိတ် အောက် ကန့်သတ်ရန်အတွက် ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချ ရန် တိုက်တွန်းထားပါသည်။
( ခ ) လိုက်လျောညီထွေရှိရေး။ COP27 သည် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင် ရည်အား မြှင့်တင်ရန်နှင့် ကမ္ဘာ့ထိခိုက် လွယ်ဆုံးသော အသိုက်အဝန်းများကို ကူညီရန်အတွက် “အရေးကြီးသော မရှိမဖြစ်တိုးတက်မှု”ကို အာမခံရန် ဖြစ်သည်။
( ဂ ) ဘဏ္ဍာရေး။ ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီ ရန်အတွက် ကတိပြုထားသည့် တစ်နှစ် လျှင် ဒေါ်လာ ၁၀၀ ဘီလီယံ ပေးအပ်ခြင်း အပါအဝင် ရာသီဥတု ဘဏ္ဍာရေးဆိုင်ရာ သိသာ ထင်ရှားသော တိုးတက်မှုကို ပြုလုပ်ရန်ဖြစ်ပါသည်။
(ဃ) ပူးပေါင်းဆောင်ရွက်ခြင်း။ ကုလသမဂ္ဂ၏ စေ့စပ်ညှိနှိုင်းမှုများသည် အများဆန္ဒကို အခြေခံသောကြောင့် သဘောတူညီချက် ရရှိရန် “သက်ဆိုင်သူ အားလုံး၏ တက်တက်ကြွကြွပါဝင်မှု” လိုအပ်မည် ဖြစ်ပါသည်။
စွမ်းဆောင်ရည်မြှင့်တင်ရေး
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် လူသားတို့၏ အပြုအမူကြောင့်ဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ကမ္ဘာ့ရာသီဥတုများ ပြောင်းလဲလာပါသည်။ ထို့အပြင် လူသားတို့၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်လုပ်ဆောင် မှုများသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအပေါ် အကျိုး သက်ရောက်လျက်ရှိပြီး ထိုအကျိုးသက်ရောက်မှု များကို လူသားတို့ရင်ဆိုင်နေကြရပါသည်။
လူသားတို့ ရင်ဆိုင်နေကြရသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်များကို ကာလတို ဖြေရှင်းရန်အတွက် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ ပိုမိုသိမြင်နားလည်လာစေရေး၊ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း တိုးတက် ကောင်းမွန်လာစေရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်စွမ်း ပိုမိုမြှင့်တင်ပေးနိုင်ရေး စသည့်စွမ်းဆောင် ရည်မြှင့်တင်မှုများ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။
ယင်းမှာ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချခြင်း၊ ရာသီဥတုပြောင်းလဲမှုအား ကာကွယ်ခြင်း၊ လိုက်လျောညီထွေ ရှိစေခြင်းနှင့် ခံနိုင်ရည်တည်ဆောက်ခြင်းနှင့်အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီညီ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မူဝါဒများ၊ စီမံကိန်းများ၊ အဖွဲ့အစည်းများ၊ ဘဏ္ဍာငွေ၊ စွမ်းဆောင်ရည်နှင့် နည်းပညာ၊ အသိပညာပေးမှုနှင့် မိတ်ဖက်ပြုမှုများ လိုအပ်မည်ဖြစ်ပါသည်။ သို့မှသာ ထိခိုက်လွယ်သော ဒေသများနှင့်ကဏ္ဍများတွင် လိုက်လျောညီထွေရှိသည့် စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်ပြီး ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများကို ခံနိုင်ရည် ရှိမည်ဖြစ်ပါသည်။ ။
ကိုးကား
၁။ Climate, Environmental Degradation and Disaster Risk in Myanmar, a MIMU Analytical Brief, May 2022
၂။ Climate Change 2022: Impacts, Adaptation and Vulnerability, Working Group II Contribution to the Sixth Assessment Report of the Intergovernmental Panel on Climate Change
၃။ Global Climate Risk Index 2021