၁၁ ဖေဖော်ဝါရီ

 

မြန်မာလူမျိုးတို့သည် ကံကံ၏အကျိုးကို ယုံကြည်ကြသည်။ ကံဆိုသည်မှာ ပြုလုပ်သောအမှုဖြစ်သည်။ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုဖြစ်သည်။ ထိုပြုသောကံ၏ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ကြရသည်။ ထိုအကျိုးတရားသည် ကံသတ္တိဖြစ်သည်။

 

အသီးသီးသောသစ်ပင်မျိုး၌ အသီးသီးစေတတ်သော ဓာတ်သတ္တိအမြဲပါရှိ၏။ သစ်ပင်ပေါက်ခါစ၌လည်း ပါရှိ၏။ အညွန့်၊ အခက်၊ အရွက်ထွက်သောအခါ ပင်လုံးနှင့်တကွ အသီးအစေ့၌လည်းပါ၏။ ထိုအစေ့ရင့်၍ မြေချပြီး   စိုက်ပျိုးသောအခါ၌လည်း အသီးသီးစေသော  ဓာတ်သတ္တိပါရှိ၏။  ထိုဓာတ်သတ္တိသည်    ဘယ်လိုအရာဟု  ခွဲခြားမရသော်လည်း ထိုသစ်ပင်အမျိုးတို့၏ အစဉ်အဆက်မှာ သီးစေတတ်သော ဓာတ်သတ္တိဧကန်ပါရှိခဲ့ပေသည်။

 

လူ့ဘဝသည်လည်း ဤသို့ပင်ဖြစ်သည်။ ယခင်၊ ယခု ပြုလုပ်သမျှသော အမှုတို့၏ ကံသတ္တိအတိုင်းဖြစ်ကြရသည်။ စေတနာကံတရား၏ ကံသတ္တိသည် အမြဲလိုက်ပါအကျိုးပေးလျက်ရှိ၏။ အကျိုးမပေးရသေးသည့် ကံတို့သည်လည်း အစဉ်လိုက်ပါလျက်ရှိ၏။ ထိုကံသတ္တိကို ဗီဇသတ္တိဟုလည်း ဆိုနိုင်၏။ ဗီဇသတ္တိသည် ကံအကြောင်းအတိုင်းဖြစ်သည့် ပြုပြင်ဖန်တီး၍ မရသော ပင်ကိုသတ္တိလည်းဖြစ်သည်။ ဗီဇသတ္တိမှအပ လူသားတစ်ယောက်အား ပြုပြင်ဖန်တီးသော        အခြားအကြောင်းအရာဟူသမျှသည် ပတ်ဝန်းကျင် ဖြစ်သည်။

 

ထို့ကြောင့် ဗီဇသတ္တိသည် ပြုပြင်ဖန်တီး၍မရသော မွေးရာပါအရည်အချင်းဖြစ်ပြီး    ပြုပြင်ဖန်တီးပေးနိုင်သည်မှာ    ပတ်ဝန်းကျင်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်အဖို့ ပတ်ဝန်းကျင်ကောင်းရှိပြီး  ထူးခြားသည့်စွမ်းဆောင်မှုကြောင့် အသိအမှတ်ပြုကြရသည်။ တိုင်းကျော်၊ ပြည်ကျော် အများတကာအသိအမှတ်ပြုကြသော ဗိုလ်ချုပ်အောင်ဆန်း၏အကြောင်း အရာမှန်သမျှတို့သည် ဗိုလ်ချုပ်အောင်ဆန်းအား ကြီးကျယ်မြင့်မြတ်အောင် ဖန်တီးပေးသော ပတ်ဝန်းကျင်အခြေအနေများဖြစ်သည်ဟု ဆိုအပ်သည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုဗီဇစွမ်းရည်သတ္တိများမှာ အများတကာနှင့်မတူသည့်  တစ်မူထူးကဲသော  ပုဂ္ဂိုလ်ကြီးဖြစ်သည်ကို  မျိုးရိုးဗီဇနှင့်မွေးဖွားစဉ်ကတည်းကစ၍  အစွမ်းသတ္တိများအရ  သိရှိလက်ခံထားကြပြီး ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးကျယ်မြင့်မြတ်သော အကြောင်းအရာများကိုသာ  များသောအားဖြင့်  သိရှိမှတ်သားကြရပြီး ဗိုလ်ချုပ်အောင်ဆန်းအား ကြီးကျယ်မြင့်မြတ်အောင် ဖန်တီးပေး သောဗီဇသတ္တိကိုလည်း ရှာဖွေလေ့လာကြရမည်ဖြစ်သည်။

 

“ကျွန်တော်ကား ကြွားရမည်ဆိုလျှင် မျိုးကြီးဆွေကြီးမှ ပေါက်ဖွားသူဖြစ်သည်။ ဂျင်ဂျစ်ခံအမှူးရှိသောတရုတ်တို့ ဝင်ရောက်နှောင့်ယှက်သော အခါတွင်  နိုင်ငံခြားသားတို့၏  လက်အောက်တွင်မနေလို၍  လွတ်ရာကျွတ်ရာ  ကျွန်တော်  မွေးဖွားရာဒေသသို့ စုန်ဆင်းခဲ့သည်ဟု ဦးလေးတစ်ယောက်က ပြောဖူးသည်။  အလောင်းဘုရား  တတိယနိုင်ငံတော်ထူထောင်စဉ်အခါက  တိုင်းပြည်မှာ  ဖရိုဖရဲဖြစ်၍နေရာ  ရွှေဘိုမြို့မှဦးအောင်ဇေယျထ၍၊ ကျွန်တော်တို့၏အဆက်အနွှယ် ပင်းမင်းကြီးဦးမြတ်ဆိုသူမှာလည်း မိမိနယ်ကို ဦးစီးခေါင်းဆောင်ပြု၍ ဗမာ့ထီးနန်းထူထောင်ရန်ကြံလေသည်။ နောက်မှ အလောင်းမင်းတရားအကြောင်း ကြားသိသည့်အခါ အလောင်းဘုရားထံဝင်ရောက်၍ သက်စွန့်ကြိုးပမ်းအမှုထမ်း သည်ဟုလည်း  မှတ်သားရဖူးလေသည်” ဟု ဗိုလ်ချုပ်အောင်ဆန်းက ၎င်း၏မျိုးရိုးဇာတိဂုဏ်ဒြပ်နှင့်ပတ်သက်၍    ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၌ ဖွင့်ဆိုရေးသားထားခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ မြင့်မြတ်သောမျိုးရိုးဗီဇနှင့် ကြိုးပမ်းအားထုတ်ပုံများမှာ  အံ့ဩမကုန်နိုင်ဖွယ်ဖြစ်သည်။  နှောင်းခေတ်လူတို့အနေဖြင့် ဗိုလ်ချုပ်၏မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်တို့ကို ဂုဏ်ပြုအသိအမှတ်ပြုကြရမည်ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံနှင့်လူမျိုးအတွက် အသက်ကိုပဓာန မထားဘဲ   ကိုယ်ကျိုးစွန့်လွှတ်   အနစ်နာခံပုံများကို အတုယူအားကျ၍   ဗိုလ်ချုပ်စိတ်ထား၊   ကျင့်ကြံအားထုတ်ပုံများနှင့်   လမ်းညွှန်မှာကြားချက်များအတိုင်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။     ။


ကြေးမုံ