၁၁ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ကျွန်ုပ်တို့နိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည်။ ထိုနေ့မတိုင်မီ ဗိုလ်ချုပ်မွေးနေ့အကြို အထိမ်းအမှတ် အခမ်းအနားများကိုလည်း စည်ကားသိုက်မြိုက်စွာ နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည်။ ထို့အပြင် ဗိုလ်ချုပ်မွေးနေ့ရောက်တိုင်းလည်း ဗိုလ်ချုပ်အတွက် ကောင်းမှုကုသိုလ်လုပ်ပေးခြင်း၊ မွေးနေ့ပွဲများ ပြုလုပ်ကြသည်ကို တွေ့ရမည်ဖြစ်သည်။
စာသင်ကျောင်းများတွင် ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက် နှစ်စဉ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွေးနေ့မတိုင်မီ အကြိုမွေးနေ့ အထိမ်းအမှတ်များအဖြစ် ကျောင်းများတွင် ကဗျာရွတ် (မူလတန်းအဆင့်)၊ ကျပန်းစကားပြော (အထက်တန်းအဆင့်)၊ ပန်းချီ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း)နှင့် ဗိုလ်ချုပ်မိန့်ခွန်း ကောက်နုတ်ချက်ပြော ပြိုင်ပွဲ (အထက်တန်းအဆင့် ၊ ဝါသနာရှင်ပြည်သူများ)နှင့် အခြားသော ပြိုင်ပွဲများကို မြို့ရွာရပ်ကွက်များအတွင်း ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ကြရခြင်းမှာ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ချက်များကို လူငယ်အစဉ်အဆက်တို့ သိရှိကြစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဖြောင့်မတ်တည်ကြည်စိတ်၊ ရဲဝံ့စိတ်၊ မဆုတ်မနစ် အားထုတ်တတ်သောစိတ်များကို အနာဂတ် ကျောင်းသားလူငယ်တို့ အတုယူနိုင်ကြစေရန်၊ စိတ်ဓာတ်ရော၊ အရည်အသွေးပါ ပြည့်ဝ၍ နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းရွက်လိုသည့် လူငယ်လူရွယ်များ ဖြစ်လာကြစေရန် ရည်ရွယ်ပြီး နှစ်စဉ်ပြုလုပ်ကြခြင်း ဖြစ်သည်။
မြို့ရွာရပ်ကွက်များတွင်လည်း ပြုလုပ်ကြ ထို့အပြင် မြို့ရွာရပ်ကွက်များရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်းနှင့် ဗိုလ်ချုပ်ရုပ်တုများ တည်ရှိရာနေရာများ အတွင်း၌ ဗိုလ်ချုပ်အောင်ဆန်းသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အတ္ထုပ္ပတ္တိများ အကျဉ်းပြောကြားခြင်း၊ ရိုးရာအကများ၊ ပြဇာတ်များဖြင့် ဖျော်ဖြေခြင်း၊ စာရေးဆရာများက ဆွေးနွေးဟောပြောခြင်း၊ ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းနှင့် ကျွေးမွေးဧည့်ခံခြင်းတို့ကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ ရှိကြသည်။
လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များကပါ ပါဝင်ဆောင်ရွက် ထိုသို့ကျင်းပကြသည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနား များတွင် တိုင်းဒေသကြီးနှင့် မြို့ရွာများအလိုက် တက္ကသိုလ်များမှ ဆရာ၊ ဆရာမကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ မြို့နယ် စာရေးဆရာများအသင်းမှ စာရေးဆရာများ ၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းမှ စာရေး ဆရာကြီးများ၊ ပန်းချီပညာရှင်များ၊ စာပေပညာရှင်များဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသည်ကိုလည်း တွေ့ရသည်။
မွေးနေ့ရှိသလို သေနေ့ရှိခဲ့သော်လည်း နာမည်မသေသည့် ဗိုလ်ချုပ် ဗိုလ်ချုပ်အောင်ဆန်းမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးခရိုင် နတ်မောက်မြို့ ၌ အဖ ဦးဖာ၊ အမိ ဒေါ်စုတို့မှ ၁၉၁၅ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့ စနေနေ့တွင် မွေးဖွားခဲ့သည်။ ဗိုလ်ချုပ်မှာ မွေးနေ့ရှိသလို သေသွားသည့်နေ့လည်း ရှိခဲ့သည်။ သို့သော် ဗိုလ်ချုပ်၏အမည်မှာမူ ယနေ့ထိ မသေဘဲ ကျန်ရှိနေသည်။
ထိုအမည်များမှာ ဇာတာအမည်မှာ ထိန်လင်း ဖြစ်သည်။ နောက်ပိုင်း ကျောင်းဝင်အမည်မှ စတင်ကာ အောင်ဆန်းအမည်ဖြင့် ပြောင်းလဲခဲ့သည်။ နိုင်ငံရေးလောကထဲ ဝင်ရောက်ချိန်တွင် သခင်အောင်ဆန်းဖြစ်ပြီး တရုတ်နိုင်ငံအမွိုင်မြို့သို့ ထွက်သွားချိန်တွင် တန်လူရှောင်အမည်ဖြင့် လည်းကောင်း၊ ဂျပန်နိုင်ငံတွင် စစ်ပညာသင်သောအမည်မှာ အိုမိုကာမွန်ချီဖြစ်ပြီး မြန်မာပြည်အတွင်း ပြန်လည်ဝင်ရောက်လာချိန် ဗိုလ်တေဇ ဖြစ်သည်။ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများတွင် လျှို့ဝှက်အမည် ဦးနောင်ချိုဖြစ်ပြီး နောက်ဆုံး အာရှနှင့် ကမ္ဘာတစ်လွှား သိသောအမည်မှာ ဗိုလ်ချုပ်အောင်ဆန်းဟူ၍ ဖြစ်သည်။
ဗိုလ်ချုပ်မှာ လူပင်သေသော်လည်း နာမည် သေမသွားဘဲ ယနေ့အချိန်ထိ သူလုပ်ဆောင်ခဲ့သည့် အလုပ်များ၌ သူ့အမည်၊ သူ့မှတ်တမ်းများ ကျန်နေခဲ့သည်ကို တွေ့ရသည်။
လေးစားအတုယူဖွယ် ဗိုလ်ချုပ်အောင်ဆန်း၏မှတ်တမ်း အမှန်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းမှာ လူငယ်လေးတစ်ဦး မျှသာဖြစ်ပြီး မသမာသူများ လက်ချက်ဖြင့် ကျဆုံးသွားရချိန်တွင် အသက် ၃၃ နှစ် ကျော်သာရှိသေးသည်။
သို့ဖြစ်၍ ယနေ့ခေတ် လူငယ်များအနေဖြင့်လည်း ဗိုလ်ချုပ်ကို အားကျအတုယူပြီး နိုင်ငံတော်တည်ဆောက်ရေးကိစ္စများတွင် တစ်တပ်တစ်အား ပါဝင်လာစေရေးအတွက် ဗိုလ်ချုပ် ကျော်ဖြတ်ခဲ့ရသည့် ခုနှစ်များ အလိုက် ၄င်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို ပြန်ပြောရလျှင် ၁၉၃၀ ပြည့်နှစ် အသက်၁၅နှစ်အရွယ်တွင် အစိုးရစစ် သတ္တမတန်းစာမေးပွဲကို တစ်နိုင်ငံလုံးတွင် နဝမ၊ ဗုဒ္ဓဘာသာ စာသင် ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမရပြီး ဦးရွှေခိုဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။
၁၉၃၂ ခုနှစ် အသက် ၁၇ နှစ်အရွယ်တွင် ဆယ်တန်းစာမေးပွဲ ကို မြန်မာစာနှင့် ပါဠိဂုဏ်ထူး နှစ်ဘာသာဖြင့် ထူးချွန်စွာ အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့သည်။ ၁၉၃၃ ခုနှစ် အသက် ၁၈ နှစ်တွင် ဂန္တလောကမဂ္ဂဇင်း (The World of Books) ဘာသာပြန်ပြိုင်ပွဲ အမှတ်(၄၁)တွင်လန်ဒန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒပညာရှင် ဟရိုဂျေလတ်စကီး၏စာကို ပဲခူးကဝေ ကလောင်အမည်ဖြင့် ဘာသာပြန်ဆုရခဲ့သည်။ ၁၉၃၆ ခုနှစ်အသက် ၂၁ နှစ် အရွယ်တွင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ အိုးဝေ မဂ္ဂဇင်း၌ ဖော်ပြခဲ့သော ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါး ရေးသူ၏အမည်ကို ထုတ်ဖော်ပြောရန် ငြင်းဆန်သဖြင့် သမဂ္ဂ ဥက္ကဋ္ဌ ကိုနုနှင့်အတူ ကျောင်းထုတ်ခံရသည့်အတွက် ကျောင်းသား သပိတ် ပေါ်ပေါက်ခဲ့သည်။ သပိတ်မှောက် ကျောင်းသားများကောင်စီ ပြန်ကြားရေး တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။
၁၉၃၇ ခုနှစ် အသက် ၂၂ နှစ်အရွယ်တွင် ဂျူဗလီဟော၌ ဗကသတည်ထောင်ရာတွင် ပါဝင်လှုပ်ရှားခဲ့ပြီး မန္တလေးမြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်း၌ ဒုတိယအကြိမ် ဗကသ ညီလာခံ ကျင်းပရာတွင် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ သည်။ ၁၉၃၇-၁၉၃၈ ခုနှစ်များ၌ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေတန်း တက်နေစဉ် နယူးဘားမား အင်္ဂလိပ်သတင်းစာ၌ အချိန်ပိုင်း အယ်ဒီတာအဖြစ် သတင်းစာခေါင်းကြီးများ ရေးသား ခဲ့သည်။
အသက် ၂၃ နှစ် အရွယ်တွင် ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင် ၁၉၃၈ ခုနှစ် အသက် ၂၃ နှစ် ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံရပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာ ဖွဲ့စည်း၍ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ယင်းနှစ်အောက်တိုဘာလ ၁ ရက်နေ့တွင် ဗမာ့ထွက်ရပ်ဂိုဏ်း အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်သည်။ ၁၉၄၀ ပြည့်နှစ် ၂၅ နှစ်အရွယ်တွင် အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောမှုအတွက် ရာဇသတ်ပုဒ်မ၁၂၄ (က) အရ ဆုငွေငါးကျပ် ထုတ်ခံရသည်။
ထို့နောက် နိုင်ငံခြားအကူအညီရရန် သခင်လှမြိုင် (ဗိုလ်ရန်အောင်) နှင့်အတူ ရန်ကုန် ဆိပ်ကမ်းမှ တရုတ်နိုင်ငံ အမွိုင်မြို့သို့ နော်ဝေးပိုင် ဟိုင်လီသင်္ဘောဖြင့် လျှို့ဝှက် ထွက်ခွာခဲ့သည်။
၁၉၄၂ ခုနှစ် ၂၇ နှစ်အရွယ်တွင် ဗမာ့လွတ်လပ်ရေးတပ်ကို ဦးဆောင်ပြီး စစ်ကြောင်းသုံးကြောင်းဖြန့်လျက် မြန်မာနိုင်ငံ အတွင်းသို့ စစ်ချီတက်ခဲ့သည်။
မော်လမြိုင်စစ်ကြောင်းတွင် စစ်ဦးစီးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ယင်းနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဘီအိုင်အေကို ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ)အဖြစ် ပြောင်းလဲပြီးနောက် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ စစ်သေနာပတိချုပ် ဖြစ်လာသည်။ ၁၉၄၃ ခုနှစ် ၂၈ နှစ်အရွယ်တွင် ဗိုလ်ချုပ်ရာထူးဖြင့် ဘီဒီအေ စစ်သေနာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ အသက် ၂၉ နှစ်နှင့် ၃၀ နှစ်အရွယ်တွင် မြန်မာအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီး စစ်သေနာ ပတိအဖြစ် တာဝန်ယူခဲ့သည်။
လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံကြိုးစား ၁၉၄၆ ခုနှစ် ၃၁ နှစ်အရွယ်တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီ အလယ်ပစ္စယာ၌ ဖဆပလ အဖွဲ့ချုပ်ကြီး၏ ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံကျင်းပရာ သဘာပတိအဖြစ် ဆောင် ရွက်ခဲ့ပြီး ၁၉၄၇ ခုနှစ် အသက် ၃၂ နှစ် အရွယ်တွင် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့ ၌ တိုင်းရင်းသားခေါင်းဆောင်များနှင့် သမိုင်းဝင် ပင်လုံစာချုပ်ကို မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် ဦးဆောင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းနှစ် ဇွန်လတွင် ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံကျင်းပရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင်ပါဝင်မည့် အခြေခံမူများကို ကိုယ်တိုင်တင်ပြဆွေးနွေးခဲ့သည်။ နောက်ဆုံးရက် အဖြစ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အသက် ၃၃ နှစ် အရွယ် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မသမာသူတစ်စု၏ လုပ်ကြံမှုဖြင့် ကျဆုံးခဲ့ရသည်။
လူငယ်အများ ပိုမိုသိရှိ အတုယူတတ်စေရန် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိထုတ်ဝေမည် အထက်တွင် အကျဉ်းမျှဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ယခုအခါ အခန်း ၆ ခန်းဖြစ်သော လူငယ်ဘဝ(၁၉၁၅-၁၉၄၇)၊ တက္ကသိုလ်ကျောင်းသား ဘဝ (၁၉၃၂-၁၉၃၈)၊ သခင်ဘဝ၊ လက်နက်ကိုင်တော်လှန်ရေး ပြင်ဆင်မှုကာလ (၁၉၄၀-၁၉၄၁)၊ စစ်ဝန်ကြီးဘဝ (၁၉၄၂- ၁၉၄၅)နှင့် အမျိုးသားခေါင်းဆောင် (၁၉၄၅ -၁၉၄၇)တို့ ပါဝင်မည်ဖြစ်ကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စာအုပ်ထုတ်ရန် စီစဉ်နေကြောင်း ကြားသိရသည်။
လေးစားအတုယူဖွယ် မွေးနေ့ရှင် အာရှသူရဲကောင်း သို့အတွက် နိဂုံးချုပ်အားဖြင့် တင်ပြရလျှင် ကျွန်ုပ်တို့နိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမှာ ကျွန်ုပ်တို့နိုင်ငံအတွင်းသာ မဟုတ်ဘဲ အာရှတိုက် တစ်ခုလုံး အတွက်ပါ အထက်ဖော်ပြပါ သူ၏ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကြောင့် သူရဲကောင်းဖြစ်ခဲ့ရသည်။ အာရှတိုက် တစ်ခွင်တွင် ဂုဏ်သတင်း အထူးမွှေးခဲ့သည်။ နိုင်ငံတိုင်း၏ ခေါင်းဆောင်တိုင်းမှ အားကျအတုယူကာ ၄င်းတို့နိုင်ငံ၏ လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့ကြရသည်။ ယနေ့ အချိန်တွင်လည်း နိုင်ငံ့ခေါင်းဆောင်များနှင့် လူကြီးလူရွယ်များက ဗိုလ်ချုပ်မွေးနေ့အကြိုပွဲနှင့် မွေးနေ့ပွဲများကို ကျင်းပကာ ဗိုလ်ချုပ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်ကြလျက်ရှိရာ ကျွန်ုပ်တို့နိုင်ငံအတွင်း နောင် တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို ပခုံးပြောင်း တာဝန်ယူကြမည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များအနေဖြင့်လည်း ဗိုလ်ချုပ်ကို အားကျအတုယူကာ အနာဂတ်တွင် နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်ကြစေလိုကြောင်း ရည်ရွယ် တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။ ။
သန်ဖြိုးနိုင်(ကညင်ကျိုး)