၁၁ ဖေဖော်ဝါရီ
ဖြူ၍သွယ်လျသော လက်ချောင်းလေးများက ကွန်ပျူတာ ကီးဘုတ်ပေါ်ရှိ ခလုတ်များထံ တစ်ချက်ချင်းပြေးလွှားနေသည်။ သူထိတွေ့လိုက်သည့် ခလုတ်များအတိုင်း အိုင်၊ အယ်လ် စသည်ဖြင့် စပီကာမှ အသံထွက်ပေါ်နေသည်။
သူနှင့်မျက်နှာချင်းဆိုင်ရှိ ကွန်ပျူတာ မော်နီတာ ပေါ်တွင်မူ သူပုံဖော်ထိတွေ့လိုက်သည့်အတိုင်း စကားလုံး စာသားများ၏ အဓိပ္ပာယ်ပေါ်လာသည်...။
“အိုင် အယ်လ်အိုဗွီအီး ဝိုင်အိုယူ အေအယ်လ်အယ်လ်.... I LOVE YOU ALL”
အသက်ကိုးနှစ်အရွယ်ကတည်းက ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)သို့ ရောက်ရှိခဲ့သည့် မွန်တိုင်းရင်းသူ မပြည့်ဖြိုးကြွယ်က သူ၏အကြားအာရုံဖြင့် ကွန်ပျူတာပေါ်တွင် “မင်းတို့အားလုံးကိုငါချစ်တယ်”ဟု အဓိပ္ပာယ်ရသည့် စာသားကို စမ်းသပ်ရိုက်ပြနေခြင်းပင်ဖြစ်သည်။
မော်လမြိုင် ကျိုက်ထိုဇာတိ မွန်တိုင်းရင်းသူ မပြည့်ဖြိုးကြွယ်တစ်ယောက် ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)သို့ ရောက်ရှိနေသည်မှာ ဆယ်စုနှစ်နှစ်စုနီးပါးပင် ရှိနေပြီဖြစ်သလို ၁၉၇၅ ခုနှစ် ဩဂုတ် ၄ ရက်တွင် စတင်တည်ထောင်ခဲ့သည့် ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)သည်ပင် ရာစုနှစ်ထက်ဝက်နီးပါးပင် ရှိနေချေပြီ...။
ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)သည် စတင်တည်ထောင်ခဲ့စဉ်က ခရစ်ယာန်သာသနာပြု အဖွဲ့အစည်းက တည်ထောင်ခဲ့သောကြောင့် ခရစ်ယာန်သာသနာပြုကျောင်း အမည်တွင်နေသော်လည်း မျက်မမြင်များ ပညာ သင်ကြားနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းကြောင့်ဘာသာမရွေး၊ လူမျိုးမရွေး တန်းတူလက်ခံ သင်ကြားပေး ထားကြောင်း ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး စောသောင်းကြည်က ရှင်းပြသည်။
“ဒီကျောင်းကို ခရစ်ယာန်တွေက စတင်တည်ထောင်ခဲ့တာမို့လို့ ခရစ်ယာန်သာသနာ့ အဖွဲ့အစည်းဆိုပြီး ဖြစ်နေ တာ။ ဗုဒ္ဓဘာသာလည်းရှိတယ်။ အစ္စလာမ်လည်းရှိတယ်။ နောက် အခြားနတ်ကိုးကွယ်တဲ့ ဘာသာတွေလည်း ရှိပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မျက်မမြင်တွေ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် ဘာသာခွဲခြားမှုမရှိပါဘူး။ ဒါကြောင့် ဘယ်ဘာသာဖြစ်ဖြစ် ဆင်းရဲချမ်းသာမရွေး မျက်မမြင်ဆို အားလုံးကျွန်တော်တို့ လက်ခံပါတယ်”ဟု ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး စောသောင်းကြည်ကပြောသည်။
အဆိုပါ ကျောင်းသည် ၁၉၇၅ ခုနှစ်မှ ယခုအချိန်အထိ ဘွဲ့ရမျက်မမြင် ၅၀ ကျော်၊ တက္ကသိုလ်ဝင်တန်းအောင်၉၀ နီးပါးနှင့် မျက်မမြင် ၁၀ဝ၀ ကျော် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၅၁ သန်းကျော်ရှိသည့် မြန်မာနိုင်ငံရှိ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းမှာ မသန်စွမ်းသူများ ဖြစ်ကြသည်။ အဆိုပါ မသန်စွမ်းသူများအနက် ၅၄ ရာခိုင်နှုန်းမှာ အမြင်အာရုံ ချို့တဲ့သူများဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် မျက်မမြင်ဦးရေ ၁၂ သိန်း ၄ သောင်း ဝန်းကျင်ခန့် ရှိနေသည်။
အသက် ၁၈ နှစ်အရွယ် ၁၉၈၄ ခုနှစ် ကတည်းက ခဝဲခြံမျက်မမြင်ကျောင်းသို့ ရောက်ရှိခဲ့သည့် မိုးကုတ်မြို့ကြပ်ပြင်ဇာတိ တရုတ်လူမျိုး ဦးမောင်မောင်သန်း ကတော့“The Blind Reality” တေးဂီတအဖွဲ့၏ ဘေ့စ်ဂီတသမားတစ်ဦးအဖြစ် ရပ်တည်ကာ အသက်မွေးဝမ်း ကျောင်းပြုလျက်ရှိနေသည်။
“ကျွန်တော်ဆို တရုတ်လူမျိုး ၊ ဒရမ်မာဝါတားဆိုလီဆူလူမျိုး၊ ကီးဘုတ်ကျန်ဇီး လီဆူလူမျိုး၊ လိဒ့်ဂစ်တာ တီးတဲ့ ဂီတမှူးဘရန်အောင်ဆို ကချင်လူမျိုးပါ” ဟုဦးမောင်မောင်သန်းက ပြောပြသည်။
အလင်းမဲ့ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)သည် ဖြစ်တည်မှု မတူညီသည့် တိုင်းရင်းသားပေါင်းစုံတို့၏ ယုံကြည်ကိုးကွယ်မှု၊ မတူညီသော ယဉ်ကျေးမှုများနှင့် ထုံမွမ်းနေသော အလင်းရောင်များတည်ရှိရာ အရပ်ဖြစ်နေပေသည်။
ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)တွင် မတူညီသော်လည်း တူညီစွာနေထိုင်နိုင်ခြင်းကို “မတူညီတဲ့လူမျိုး၊ ဘာသာတရားတွေ ရှိကြပေမယ့် အဓိကက ချစ်ခြင်းမေတ္တာပါ။ မတူညီပေမယ့် လက်ခံနိုင်တဲ့ သဘောထားရှိရင် အဆင်ပြေပါတယ်။ မေတ္တာထားမယ်။ ကိုယ်နဲ့မတူပေမယ့် လက်ခံနိုင်ရမယ်။ ကိုယ်နဲ့မတူလို့ ကိုယ့်ရန်သူလို့ သဘောထား နေရင်ဘယ်ဖြစ်မလဲ။ အားလုံးအတူတူလို့သာ သဘော ထားရင် အတူတူနေထိုင်နိုင်တယ်လို့ ကျွန်တော့်အနေနဲ ခံယူတယ်။ သဘောထားကြီးပြီး မေတ္တာရှိဖို့တော့လိုတယ်။ ကိုယ့်လူမျိုးပဲကောင်းတယ်၊ ကိုယ့်ဘာသာပဲကောင်းတယ်။ အဲဒီလို အယူအဆနဲ့ဆို သိပ်အဆင်မပြေဘူး။ ကိုယ့်ဘာသာ၊ လူမျိုးလည်းတန်ဖိုးထား၊ သူ့ဘာသာလူမျိုးလည်း လေးစား တန်ဖိုးထားကြလို့ ကျွန်တော်တို့ အဆင်ပြေပြေ နေနိုင်တာလို့ ယုံကြည်ပါတယ်”ဟု ဦးမောင်မောင်သန်းက ပြောပြသည်။
အဆိုပါ ခရစ်ယာန်မျက်မမြင်ကျောင်းတွင် ဘဝတူမျက်မမြင်ကလေးငယ်များကို ပညာတတ်ဖြစ်စေချင်သည့် ဆန္ဒတစ်ခုတည်းဖြင့် စာသင်ကြားပေးနေသော ဗုဒ္ဓဘာသာဝင် မျက်မမြင်အမျိုးသမီး တစ်ဦးရှိသည်။
ကိုးနှစ်သမီးအရွယ်ကတည်းက မျက်မမြင်ကျောင်းသို့ ရောက်ရှိခဲ့သည့် ဒေါ်မာလာတင်တစ်ယောက် မျက်မမြင်ကလေးငယ်များကို စာသင်ကြားပေးနေသည်မှာ အနှစ် ၂၀ နီးပါးပင်ရှိနေပေပြီ...။
“ခရစ်ယာန်ကျောင်းဖြစ်ပေမယ့် ဘာသာရေးနဲ့ပတ်သက်ပြီး ဆွဲဆောင်တာတွေ၊ ခွဲခြားတာတွေမရှိဘူး။ ကျွန်မဆိုရင် ဗုဒ္ဓဘာသာကို ကိုယ့်ဘာသာကိုယ် ကြီးလာတဲ့အခါမှာ လေ့လာတယ်။ အဖေနဲ့အမေကတော့ ဘာသာရေးနဲ့ပတ်သက်ပြီး သွန်သင်ပါတယ်” ဟု ဒေါ်မာလာတင်က ပြောသည်။
ဒေါ်မာလာတင်သည် မျက်မမြင်ကျောင်းတွင်ပင်တွေ့ရှိခဲ့သည့် ဘဝတူ အမြင်အာရုံချို့တဲ့သည့် အမျိုးသား တစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သူ၏သမီးလေးပင် အသက်နှစ်နှစ် အရွယ်ရှိနေပြီဖြစ်သည်။
ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)သည် အမြင်အာရုံချို့ယွင်းသည့် ဘာသာစုံ၊ လူမျိုးစုံကို လက်ခံသင်ကြားပေးပြီး ယင်းသို့လက်ခံခြင်းဖြင့် ဘာသာအရ၊ လူမျိုးအရ ကွဲပြားမှု အရာများနည်းပါးသွားကာ မျက်မမြင်များသည် တွေးခေါ်နိုင်မှု၊ စဉ်းစားနိုင်မှုစွမ်းအားများ တိုးလာ၍ ပညာတတ်များ ဖြစ်လာနိုင်မည်ဟု ရန်ကုန်မျက်မမြင် ကျောင်းခဝဲခြံ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး စောသောင်းကြည်က ပြောသည်။
ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် လက်မှုပညာသင်ကြားသည့် ကျောင်းသား ကျောင်းသူ ၁၅၀ ကျော်ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေကြား မည့် ကျောင်းသား ကျောင်းသူငါးဦးရှိကာ ဖြေကြားရန်အတွက်လည်း အဆင်သင့် ဖြစ်နေကြပေပြီ။
မိုးကုတ်ဇာတိ လီဆူလူမျိုး မအားမီစာက “သူငယ်တန်းကတည်းက ဒီကိုရောက်တာ။ သူငယ်ချင်းတွေ အများ ကြီးပဲ။ ကရင်၊ ကချင်၊ မွန်၊ ရှမ်း၊ ဗမာ၊ ပအိုဝ်း၊ လားဟူ ၊ ချင်း ရှိပါတယ်။ သမိုင်းဘာသာရပ်ကို စိတ်ဝင်စားတယ်။ ဖြေနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြောလာသည်။
ရန်ကုန် မျက်မမြင်ကျောင်းမှနေ၍ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများသည် ရည်ရွယ်ချက်၊ ရည်မှန်းချက် အသီးသီးရှိနေကြပြီး မမြင်သော်လည်း တစ်ဦးနှင့်တစ်ဦး ဖေးမလျက်လျှောက်လှမ်း နေကြပေသည်။
“ကျွန်တော်က ဗမာပါ။ ရွှေပြည်သာမှာနေတာ။ ၁၀ တန်းအောင်ရင် အသံဖမ်း အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တယ်။ ဒီက သူငယ်ချင်းတွေနဲ့ နေထိုင်ရတာ အဆင်ပြေတယ်။ ခင်လည်းခင်တယ်။ ကူညီကြတယ်။ ကချင် ၊ ကယား ၊ ကချင် ၊ ရခိုင်နည်းနည်းစီ အစုံရှိတယ်” ဟု၂၀ဝ၇ ခုနှစ်ကတည်းက ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ) သို့ ရောက်ရှိကာ ပညာသင်ကြားနေသည့် မောင်သွန်းနေစိုး က ပြောသည်။
ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ)သို့ ရောက်ရှိနေကြသူများ၏ တူညီသည့်အချက်မှာ အမြင်အာရုံ ချို့ယွင်းသူများ အတူတူရှိနေခြင်းဖြစ်သည်။ မတူညီသည့်အချက်မှာ လူမျိုး၊ ကိုးကွယ်မှု၊ ဘာသာစကားနှင့် လာရောက်ကြသည့် ဒေသအသီးသီး မတူညီကြခြင်းပင်ဖြစ်သည်။
အတန်းပညာ၊ စာပေဗဟုသုတ၊ သက်မွေးပညာ သင်ကြားမှု၊ ကလေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားနိုင်သည့်ပန်းခြံ၊ သုတေသနခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း စသည်တို့ဖြင့် စနစ်တကျ တည်ဖွဲ့ထားရာ အရပ်သည် မတူညီသော ကိုးကွယ်မှု၊ ဘာသာအသီးသီး၊ မတူညီသော နေရာဒေသ အသီးသီးတို့မှ မပြည့်ဖြိုးကြွယ်တို့လို ဦးမောင်မောင်သန်းတို့လို၊ ဒေါ်မာလာတင်တို့လို အလင်းရောင်မဲ့နေကြသူများ ကွန်းခိုရာဖြစ်သည်။
မပြည့်ဖြိုးကြွယ် ပြောခဲ့သည့် “မင်းတို့ အားလုံးကိုငါချစ်တယ်” ဟူသော စကားအတိုင်း အဆိုပါနေရာသည် အလင်းမဲ့သူများ စုဝေးနေထိုင်သော အလင်းရောင်ရှိရာ အရပ်ဖြစ်သည်။
ဆောင်းပါး..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..နော်ဘတ်တီဟန်