မန္တလေး နိုဝင်ဘာ ၁၁

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံ အရာထမ်းများနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်သူ့ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စစ်ဆေးခြင်းဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမိုအားကောင်းစေရန် ထိန်းကျောင်းပေးခြင်းသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ တာဝန်ဖြစ်ပါကြောင်း၊ သို့ပါ၍ ပြည်သူ့ဘဏ္ဍာငွေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို တည်ဆဲ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များ နှင့်အညီ ထိရောက်စွာ စီမံခန့်ခွဲနိုင်မှု၊ အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ လုပ်ငန်းစီမံကိန်းများ၏ အကျိုးကို ပြည်သူများအပြည့်အဝရရှိ ခံစားနိုင်မှုတို့ကို အလေးထား စစ်ဆေးရန် လိုအပ်ပါ ကြောင်း၊ ထို့အပြင် နိုင်ငံနှင့်ပြည်သူအတွက် ထိရောက်သည့် သုံးသပ် အကြံပြုချက်များဖြင့် အရည်အသွေးပြည့်ဝသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများ ထုတ်ပြန်နိုင်ရန်လည်း လိုအပ် ပါကြောင်း။

 

Real Time Audit ဖြင့် စစ်ဆေးလျက်ရှိသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်စစ်ဆေးရန်နှင့် အရေးကြီးသည့်စစ်ဆေးတွေ့ရှိချက်များကို အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြရန် လိုအပ် ပါကြောင်း၊ လုပ်ငန်းများထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဌာန၊အဖွဲ့အစည်း များနှင့်ကောင်းမွန်သောဆက်ဆံရေးဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ မိမိတို့၏ စစ်ဆေး ရေးလုပ်ငန်းတာဝန်များသည် နိုင်ငံတော်အတွက် အရေးပါသည့်အခန်းကဏ္ဍတွင်ရှိသည်ကို သေချာစွာနားလည်သဘောပေါက်ပြီး မိမိတို့၏ လုပ်ငန်းကိုတန်ဖိုးထားသည့် ခံယူချက် များထားရှိဆောင်ရွက်ကြရန်၊   စာရင်းစစ်ကျင့်ဝတ် သိက္ခာစောင့်ထိန်းမှု၊ အဂတိတရား(၄)ပါး ကင်းစင်စွာဆောင်ရွက်ရေး အလေးထားဆောင်ရွက်ကြရန်၊ တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ခံမှုအရ ဆောင်ရွက်ကြရန်နှင့် သတင်းအချက်အလက်လုံခြုံမှုတို့ကို အထူးဂရုပြု ဆောင်ရွက် ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ လျက် ရုံး၏အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်း၍ မိမိတို့၏ လုပ်ငန်း တာဝန်များအား ဖြောင့်မတ်မှန်ကန်စွာထမ်းဆောင်ကြရန် လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန်က တင်ပြချက်များ နှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

 

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တာဝန်ရှိသူများသည် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။ 

 

မွန်းလွဲ  ၃ နာရီခွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြင်ဦးလွင်ခရိုင်စာရင်းစစ်ရုံး၌  ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး လုပ်ငန်းဆိုင်ရာ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)