နေပြည်တော် နိုဝင်ဘာ

 

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့ မြန်မာနိုင်ငံ အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီဝန်ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့  ပါဝင်တက်ရောက်သည်။

 

ပြည်ထောင်စုဝန်ကြီးသည်  နိုဝင်ဘာ ၁၀ ရက် နံနက် ၈ နာရီခွဲ တွင် ကျင်းပသည့်  အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါ အခမ်းအနားတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN  တက်ရောက် အဖွင့်အမှာ စကား ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၂၁)ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်း ကောင်စီ အစည်းအဝေးသို့ ဆက်လက်တက်ရောက်သည်။

 

အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေး ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်မှု၊ အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်၊ စတုတ္ထစက်မှုအသွင်ကူးပြောင်း ရေးမူဘောင်၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း ရေးအစီအစဉ်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေသည့် အစီအစဉ်အကောင်အထည်ဖော်မှု၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း ကာလလယ် သုံးသပ်ချက်တွင်ပါဝင်သည့် အကြံပြုချက်များအပေါ် ဆက်လက်ဆောင်ရွက်မှုနှင့် ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရာတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းအနေဖြင့် ထည့်သွင်းမည့်အချက်အလက်များအပေါ် ဆွေးနွေး ကြသည်။

 

 ထို့ပြင် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီမှ အကြိမ်(၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြမည့်အစီရင်ခံစာနှင့် ၂၀၂၂ ခုနှစ်အတွင်း အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအနေဖြင့် အတည်ပြုရန်၊ မှတ်တမ်းတင်ရန်ရှိသည့် Document များအပေါ် အတည်ပြုကြပြီး အာဆီယံဥက္ကဋ္ဌကြေညာစာတမ်းတွင် ထည့်သွင်းမည့် အာဆီယံစီးပွားရေး မဏ္ဍိုင်ဆိုင်ရာ အချက်အလက်များအပေါ် မှတ်တမ်းတင်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များအနက် အကောင်အထည် ဖော်နေဆဲလုပ်ငန်းများကို ရည်မှန်းကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရေးအတွက် ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များက အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေး မူဘောင် သဘောတူစာချုပ်အတွက် လေ့လာမှုဆောင်ရွက်ရာတွင် အာဆီယံ၏ လက်ရှိဆောင်ရွက်ဆဲ ဒစ်ဂျစ်တယ် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒစ်ဂျစ်တယ်အဆင်သင့် ဖြစ်မှုကိုပါ ထည့်သွင်းလေ့လာရေး ကိစ္စများကို ပါဝင်ဆွေးနွေးသည်။

 

မွန်းလွဲပိုင်းတွင် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဆက်လက်ကျင်းပသည်။

 

အစည်းအဝေးတွင် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန်လွတ်လပ်သောကုန်သွယ်မှု ဒေသအဆင့်မြှင့် တင်မှုအတွက် စေ့စပ်ညှိနှိုင်းမှုအပြီးသတ်ကြောင်း ကြေညာနိုင်ရေးနှင့်စပ်လျဉ်းဆွေးနွေးမှု မပြီးပြတ်သေးသည့် ကိစ္စရပ်များကို ညှိနှိုင်းကြသည်။

 

ထို့နောက် ဒုတိယအကြိမ်မြောက် အာဆီယံ-ယူကေ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပသည်။

 

အစည်းအဝေးတွင် ဝန်ကြီးများက ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး အာဆီယံ-ယူကေ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် (၂၀၂၁-၂၀၂၂) ၏ ဖြစ်ပေါ်တိုး တက်မှုများအပေါ် မှတ်တမ်းတင်ကြသည်။

 

 ထို့နောက် အာဆီယံနှင့်ယူကေတို့အကြား အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ကို အတည်ပြု ကြသည်။

 

အဆိုပါအစည်းအဝေးများတွင် ကမ္ဘောဒီးယားနိုင်ငံ၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Pan Sorasak  က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း ကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၊ အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့် နှင့်ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးများတက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း  လူပုဂ္ဂိုလ်များ ယာယီရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အာဆီယံသဘောတူစာချုပ်ကို ပြင်ဆင်သည့် အခြေပြစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက အာဆီယံစီးပွားရေး အကြံပေးကောင်စီ ၂၀၂၂ ခုနှစ် အလှည့်ကျဥက္ကဋ္ဌက ဦးဆောင်ကျင်းပသည့် Gala Dinner နှင့် စီးပွားရေး ဆုများ ချီးမြှင့်သည့်အစီအစဉ်တွင် ပါဝင်တက်ရောက်သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံမှ မထွက်ခွာမီ  ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့်  အကြိမ်(၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။

(သတင်းစဉ်)