နေပြည်တော်၊ နိုဝင်ဘာ ၁၂
အိန္ဒိယနိုင်ငံ၊ ကုန်သည်များအသင်း ( Indian Chamber of Commerce – ICC)၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ ကိုလ့်ကတ္တားမြို့၊ ITC Sonar Hotel တွင် ကျင်းပခဲ့သည့် အိန္ဒိယ ကုန်သည်ကြီးများအသင်း နှစ်ပတ်လည် စုံညီအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် စတင်ကျင်းပရာ အစည်းအဝေးသို့ အိန္ဒိယနိုင်ငံအစိုးရ ကုန်လမ်းပို့ဆောင်ရေး၊ အဝေးပြေးလမ်းနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီး ဌာန ဝန်ကြီးအငြိမ်းစားဗိုလ်ချုပ်ကြီး (Dr.) V. K. Singh (Retd.) ၊ ပြည်ပရေးရာနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီး Dr. Rajkumar Ranjan Singh ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ အိန္ဒိယ ကုန်သည်ကြီးများအသင်း (Indian Chamber of Commerce – ICC) ဥက္ကဋ္ဌ Mr. Pradeep Sureka ဦးဆောင် သော အိန္ဒိယကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ အိန္ဒိယကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူ များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
မြန်မာ-အိန္ဒိယ ကုန်သွယ်ဆက်ဆံရေး (Special Session on India-Myanmar Trade Relations) ဆွေးနွေးမှုအပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် အဖွင့်အမှာစကား ပြောကြားရာတွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ကုန်သွယ်မှု ပိုမို တိုးတက်စေရေးအတွက် နှစ်နိုင်ငံငွေကြေးများ သုံးစွဲနိုင်ရေးကိစ္စ များ၊ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော ပဲစင်းငုံနှင့်မတ်ပဲ ရောင်းဝယ်ရေးစာချုပ်တွင် ပဲတီစိမ်းနှင့် အခြားပဲ အမျိုးအစား များပါထည့်သွင်းနိုင်ရေး၊ နှစ်နိုင်ငံကုန်စည်ပြပွဲများ ကျင်းပနိုင်ရေးနှင့် နှစ်ဖက်ကုန်သည်များ အကြား ပိုမိုထိတွေ့ပူးပေါင်း ဆောင်ရွက် ရေးကိစ္စများ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်လျက်ရှိသော စီမံကိန်းအခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပူးတွဲကော်မတီများနှင့် နယ်စပ်ကုန်သွယ်ရေး ပူးတွဲကော်မတီအစရှိ သည် ဆက်သွယ်မှုယန္တယားများ ပိုမိုရင်းနှီးခိုင်မာအောင် တည် ဆောက်ရေးနှင့် နှစ်နိုင်ငံအကြားတွင် နိုင်ငံတကာ၊ ဒေသတွင်းနှင့် နှစ်နိုင်ငံချင်းစသည့် အလွာအလိုက်ပူး ပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန် လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ စုံညီအစည်းအဝေးပြီးဆုံးပြီး ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယ ကုန်သည် ကြီးများအသင်း (Indian Chamber of Commerce – ICC)မှ တည့်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ နိုဝင်ဘာ (၁၁)ရက် ဒေသစံ တော်ချိန် နံနက် ၁၁ နာရီတွင် ကိုလ့်ကတ္တားမြို့၊ JW Marriot Hotel တွင် ကျင်းပသည့် အိန္ဒိယနိုင်ငံ စက်မှုထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကောင်စီ (Engineering Export Promotion Council - EEPC) မှဖိတ်ကြားသည့် ကုန်သွယ်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် EEPC India အဖွဲ့အစည်း၏ ဥက္ကဋ္ဌ Mr. Arun Kumar Garodia ၊ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုကော်မတီ ဥက္ကဋ္ဌ Mr. Tsuhar Shah နှင့် ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ၊ Mr. Binod Sadra နှင့်အတူ အသင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ နှင့် အလားအလားများ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအလားအလာများ၊ ကျပ်နှင့် ရူပီးများကို နှစ်နိုင်ငံကုန်သွယ်မှုတွင်သုံးစွဲနိုင်ရေးနှင့် နှစ်နိုင်ငံကုန်သည်များအနေဖြင့် Asian Clearing Union (ACU) ငွေပေးချေမှုယန္တယားကိုအသုံးပြု၍ ကုန်သွယ်မှုဆောင်ရွက်နိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ကိုလ့်ကတ္တားမြို့၊ Bangal Club တွင် အိန္ဒိယပို့ကုန်အဖွဲ့ချုပ် (Federation of Indian Export Organization- FIEO)မှ ဖိတ်ကြားသည့် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်စေရေးအတွက် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ FIEO ဥက္ကဋ္ဌ Mr. Yogesh Gupta နှင့်အတူ အဖွဲ့ဝင်များ၊ အိန္ဒိယရင်းနှီးမြှပ်နှံ သူများနှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး အလားအလားကောင်းများကို ဆွေးနွေးပြောကြားခဲ့ပြီး အိန္ဒိယကုန်သည်လုပ်ငန်းရှင်များ၏ သိရှိလိုသည်များကို ဖြေကြားပေးသည်။ ဆက်လက်၍ အိန္ဒိယနိုင်ငံ၊ စားသုံးသူရေးရာ အဖွဲ့ချုပ် ဥက္ကဌ Mr. Vishal Singh က ပြည်ထောင်စုဝန်ကြီးအား ကိုလ့်ကတ္တားမြို့ Bangal Clup ဧည့်ခန်းမဆောင်၌ ဂါဝရပြုလာရောက် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းများ အထူးသဖြင့် ပဲမျိုးစုံများကို အိန္ဒိယနိုင်ငံမှ ပိုမိုဝယ်ယူပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)