ပဲခူး နိုဝင်ဘာ ၁၁

 

မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးကောက်ယူခြင်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ မဲစာရင်းမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်းဆိုင်ရာ အစည်းအဝေး လမ်းညွှန်မှာကြားချက်များကို  ဖတ်ကြားရှင်းလင်းသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နောင်လာမည့်ရွေးကောက်ပွဲတွင် အိမ်ခြေ အိမ်ထောင်စု စာရင်းပုံစံ (၆၆/၆)များကို မြေပြင်အခြေအနေအမှန်နှင့် တိုက်ဆိုင်စစ်ဆေးသွားရမည်ဖြစ်ကြောင်း၊ တိုက်ဆိုင်စစ်ဆေးပြီးသည့် ပုံစံ(၆၆/၆) လူဦးရေစာရင်းအမှန်ကို National DataBase MainServer သို့ ပြန်လည်ထည့်သွင်းသွားရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို ရပ်ကွက်/ကျေးရွာများအလိုက် မြေပြင်စာရင်း စစ်ဆေးကောက်ယူနိုင်ရေး Working Group များ ဖွဲ့စည်းဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ စာရင်းဇယားများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆောင်ရွက်နိုင်ရေး ခရိုင်/မြို့နယ် ကြီးကြပ်ရေးအဖွဲ့များမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း လွတ်လပ်ပြီးမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ပဲခူးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စု စာရင်းပုံစံ (၆၆/၆)ကို အခြေခံ၍ မဲစာရင်းမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်း wဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံး၊ တာဝန်ခံအရာရှိက မဲစာရင်းဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက ခရိုင်အတွင်း မြို့နယ်အလိုက် မဲစာရင်း မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်းအပေါ်  Working Group အလိုက် ဖြန့်ခွဲဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူ များက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများ၏ တင်ပြချက်များနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက် နှင့် ဌာနအလိုက် ပူးပေါင်းဆောင်ရွက်သွားရမည့် အချက်အလက်များကို လည်းကောင်း အကြံပြုတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)