နေပြည်တော်၊ နိုဝင်ဘာ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နေပြည်တော် နည်းပညာတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jean Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့က နေပြည်တော် နည်းပညာတက္ကသိုလ် ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်နည်းပညာတက္ကသိုလ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် များပက်ဖျန်း ပေးကြသည်။
ထို့နောက် စုဝေးခန်းမအတွင်း နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်ပွဲ အထိမ်းအမှတ်အခမ်းအနား ကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ယိမ်းအဖွဲ့က တက္ကသိုလ်နန်းတေးသီချင်းဖြင့် သီဆို ကပြ ဖျော်ဖြေကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ အခမ်းအနားသည် အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ ကဏ္ဍတွင် ထူးခြားဆန်းသစ် စေမည့် နိုင်ငံတကာအဆင့်မီ နည်းပညာတက္ကသိုလ်တစ်ခုကို မြို့တော် နေပြည်တော် တွင် ဖွင့်လှစ်နိုင်သည့်အတွက် ထူးခြားလေးနက်မှုများနှင့်အတူ ကျက်သရေမင်္ဂလာရှိသည့် နေ့တစ်နေ့လည်း ဖြစ်ပါကြောင်း။
နေပြည်တော် ဒေသခံပြည်သူများ၏ သားသမီးများနှင့် အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသူ၊ ကျောင်းသားများအတွက် သင်ကြား၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ အဆင့်မြင့်အင်ဂျင်နီယာ ပညာရပ်များကို လေ့လာသင်ယူခွင့် ရရှိစေရန်၊ ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ပြီး နိုင်ငံအတွက် အကျိုးကျေးဇူးများစွာကို မျှော်လင့်ပြီး နေပြည်တော်နည်းပညာ တက္ကသိုလ်ကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း။
ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ် များကဲ့သို့ အဆင့်မြင့်တက္ကသိုလ်ကြီး တစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး အစိုးရနည်းပညာ ကောလိပ်(နေပြည်တော်)ကို နေပြည်တော် နည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွဲ့စည်းတည်ထောင်ပေးထားခြင်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိက ကုန်ထုတ်လုပ်ငန်းအဖြစ် ဆောင်ရွက် နေပြီး၊ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများ ဖြစ်ခြင်းကြောင့် ခေတ်မီစိုက်ပျိုးရေးစနစ်သည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ် သည့် အင်ဂျင်နီယာနည်းပညာရပ်များသည် စိုက်ပျိုးရေးထုတ်လုပ်မြှင့်တင်မှုကို များစွာ အထောက်အပံ့ ရရှိစေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နေပြည်တော်တွင် စိုက်ပျိုးရေး တက္ကသိုလ်ရှိပြီးဖြစ်သဖြင့် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေးအတွက် ပေါင်းစပ် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် နောင်လာမည့် ပညာသင်နှစ်များတွင် စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ သင်တန်းကိုလည်း တိုးချဲ့ဖွင့်လှစ်သင်ကြားပေး သွားမည် ဖြစ်ပါကြောင်း။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် နေပြည်တော် နည်းပညာတက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့၍ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ကြီးပေါ်ထွက် ရှင်သန်လာတော့ မည်ဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။
နေပြည်တော် နည်းပညာတက္ကသိုလ်ကို အရည်အသွေးမြင့်မားသည့် သင်ကြား သင်ယူမှုနည်းစနစ်များ၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ၊ ခေတ်မီသင် ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီစာကြည့်တိုက်များစသည့် လိုအပ်သော Facilities များ အပြည့်အစုံ ဖြည့်ဆည်းပေးထားပြီး သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System – LMS)ကို အသုံးပြုကာ ထိထိရောက်ရောက် သင်ကြားပေး သွားမည်ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှုအထောက်အကူပြုစနစ် (LMS)ဆိုသည်မှာ ပညာရပ် ဆိုင်ရာသင်ခန်းစာများ၊ သင်တန်းအစီအစဉ်များနှင့်ပတ်သက်ပြီး စီမံခန့်ခွဲ ခြင်း၊ သင်ကြားသင်ယူမှု များကို လေ့လာဆန်းစစ်ခြင်း၊ အစီရင်ခံခြင်း စသည်များကို အလိုအလျောက် လုပ်ဆောင်ပေးသည့် Application Software တစ်ခုဖြစ်ပါကြောင်း။
LMS ကို နိုင်ငံတကာရှိတက္ကသိုလ်များ၊ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူတိုင်း၏ သင်ကြားရေးနှင့် သက်ဆိုင်သည့် ဆောင်ရွက်မှုတိုင်းအတွက် Learning Portal အဖြစ် အသုံးပြုလျက်ရှိပြီး ယနေ့အချိန်အခါတွင် LMS အခြေခံ Online Learning ကို တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်ပါကြောင်း၊ နေပြည်တော် နည်းပညာတက္ကသိုလ်တွင်လည်း LMS အသုံးပြုပြီး သင်ကြားသင်ယူမှုလုပ်ငန်းများ၊ စာမေးပွဲစစ်ဆေးခြင်း၊ လေ့ကျင့်ခြင်းစသည်များကို ဆောင်ရွက်ပြီး သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ Information and Communication Technology (ICT) အခြေပြု သင်ကြားသည့် တက္ကသိုလ်ကြီးတစ်ခုအဖြစ် တိုးမြှင့်ဖွဲ့စည်း တည်ထောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများကိုလည်း လေ့လာသိရှိမှု စွမ်းရည်၊ ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည်၊ လုပ်ဆောင်နိုင်မှု စွမ်းရည် များပြည့်ဝသည့် အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များဖြစ်အောင် သင်ကြားလေ့ကျင့် မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံကို အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်စေရန်မှာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးသည် အရေးကြီးသကဲ့သို့ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား ကောင်းမွန် ရန်မှာလည်း အလွန်အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ ထာဝရအဓွန့်ရှည်တည်တံ့ ရှင်သန်နိုင်ရေး အတွက် မြင့်မားသည့် ပညာစွမ်းရည်နှင့် စွမ်းအားများကို တည်ဆောက်နေကြရမည် ဖြစ်သည့်အပြင် မိမိနိုင်ငံကို ချစ်မြတ်နိုးတန်ဖိုးထားသည့်စိတ်၊ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတတ်သည့်စိတ်၊ ကိုယ်ကျင့် သိက္ခာတရားကို တန်ဖိုးထားသည့်စိတ်များရှိရန်လည်း အထူးလိုအပ်သည် ကို ပြောကြားလိုပါကြောင်း။
နေပြည်တော်ကောင်စီနယ်မြေတွင် နည်းပညာတက္ကသိုလ်တစ်ခုကို ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်း အားဖြင့် နိုင်ငံတော်၏ မြို့တော်ဂုဏ်အင်္ဂါရပ်နှင့် ကိုက်ညီပြည့်စုံ စေပြီး နိုင်ငံတော်အတွက် လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ် လေ့ကျင့်ပေးနိုင်ခြင်းနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေနိုင်မည် ဖြစ်ပါကြောင်း။
နေပြည်တော်နည်းပညာတက္ကသိုလ်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းပြီး တာဝန်ရှိ သူများနှင့် ဆရာ ဆရာမများက စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့် ကောင်းမွန်မြင့်မြတ်သော အရင်းခံစိတ်ဓာတ်များဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့်လည်း နိုင်ငံတော်က ဖွင့်လှစ် ပေးသည့် နေပြည်တော်နည်းပညာတက္ကသိုလ်တွင် အဆင့်အတန်းမြင့်မားသည့် ပညာရပ်များကိုသင်ယူပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိဒေသ၊ မိမိနိုင်ငံ တော်အကျိုးတို့ကို သယ်ပိုးထမ်းဆောင်သွားနိုင်ကြမည့် ပညာပြည့်ဝနှလုံးလှသည့် အတတ်ပညာရှင် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားလေ့လာ သင်ယူသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဖွဲ့များက လူချွန်လူကောင်းတေးသီချင်း၊ သွေးချင်းတို့ဌာနေမြန်မာပြည် တေးသီးချင်းတို့ဖြင့် သီဆိုသရုပ်ဖော် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်လာကြသူများ နှင့် အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် နေပြည်တော်နည်းပညာတက္ကသိုလ်အတွင်းရှိ လက်တွေ့ခန်းများ၊ စာသင်ခန်းများ၊ စာကြည့်တိုက်၊ Language Lab နှင့် ကွန်ပျူတာခန်းများ၊ မြို့ပြအင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံများကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ နေပြည်တော်နည်းပညာတက္ကသိုလ်သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိ ရပ်ကွက်တွင်တည်ရှိပြီး ယခင်က အစိုးရနည်းပညာ ကောလိပ်(နေပြည်တော်) အဖြစ်ရှိခဲ့ကာ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာကျွမ်းကျင်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေး နိုင်ရေး ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် တက္ကသိုလ်အဆင့် သို့မြှင့်တင်ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။ ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့ စေရန်အတွက် စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင် ရာရုံးခန်းများ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာ ခန်းများ၊ စာကြည့်တိုက်နှင့် Elibary တို့ကို ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)