မင်းဘူး နိုဝင်ဘာ ၁၃

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားပွဲတော် ရာသီအမီ မင်းဘူး (စကု) မြို့နယ်၏ သမိုင်းဝင် အထင်ကရ စေတီတော်တစ်ဆူဖြစ်သော ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် ခရီးသွား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်းဂေါပက ဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။

 

ထိုကဲ့သို့ ဘုရားကြီးအား ခရီးသွားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများမှာ ဘုရားဖူးလာ ခရီးသွားပြည်သူများနှင့် ဘုရားကြီး ပရိဝုဏ်အတွင်း သီတင်းဆောက်တည်လျက်ရှိကြကုန်သော သာစည်၊ မဟာစည်၊ သာသနာ့ရွှေဂူကျောင်း၊ သစ္စာမေတ္တာကျောင်း၊ ရေစက်ကျောင်း၊ ကျောင်းသစ်ကျောင်း စသော ကျောင်းများမှ ဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ သောက်သုံးရေနှင့် ချိုးရေများ အခက်အခဲမရှိစေရန် ဂါလန် သုံးသောင်းခွဲဆံ့ (RC) အုတ်ရေကန်ကြီးတစ်လုံး၊ ၄၂၀ ပေအနက်ရှိ အဝီစိတွင်း တစ်တွင်း တူးပေးထားသည့်အပြင် မီးအခက်အခဲမရှိစေရန် ၂၄ နာရီ လျှပ်စစ်မီးသွယ်တန်းထားရှိခြင်းတို့ဖြစ်သည်။

 

ဘုရားဖူးလာ ဧည့်သည်တော်များအနေဖြင့် စိတ်အေးချမ်းသာစွာ ဘုရားဖူး၊ ကုသိုလ်ယူ အမျှဝေနိုင်ရန်အတွက် စည်တော်ကြီးနှင့် မောင်းကြီးအား ဆောက်လုပ်ထားရှိကာ မြတ်စွာဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်များအား ရည်မှန်း၍ ဖူးမြော်နိုင်ရန် ဒေသစာရီ မြတ်ဗုဒ္ဓနှင့် ရဟန္တာ ၅၆ ပါး ရုပ်ထုတော်များလည်း မြောက်ဘက် ကုန်းတော်ပေါ်တွင် ထုလုပ်ပေးထားပြီး ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ အဆင်ပြေပြေ ဖူးမြော်နိုင်ရန် ကျပ် ၁၇၄၂ သိန်းကျော် အကုန်ကျခံ တည်ဆောက်ထားကြောင်း သိရသည်။

 

ထို့အပြင် ဘုရားပေါ်သို့ အတက်၊ အဆင်း လမ်းနှစ်လမ်းအား မကွေးတိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။

 

ဇေယျာထက်(မင်းဘူး)