ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တောင်သူ (၄၄၃) ဦးတို့အတွက် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေ မြန်ဆန်လွယ်ကူစေမည့် ကျေးလက်ကုန်ထုတ်လမ်း တစ်ခုဖြစ်သည့် ညောင်ပင်သာကျေးရွာတွင် အရှည် ၁ မိုင်၊ ၃ ဒသမ ၃၆၄ ဖာလုံနှင့် Slab Culvert (၂) စင်း ပါဝင်သည့် မြေသားလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးနေပြီဖြစ်၍ တောင်သူများ ကုန်ထုတ်ထုပ်ငန်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့အတွက် များစွာအထောက်အကူ ပြုလျက်ရှိကြောင်း သိရသည်။

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ရာ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၇၀ ဒသမ ၄၉၀) သန်းဖြင့် ပုဂံနန်းတော်ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့သည့် ညောင်ပင်သာ - ထန်းတောဦး ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်းကို ဇွန် ၂၂ ရက်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ကျေးလက်ကုန်ထုတ် မြေသားလမ်းမှာ အရှည် ၁ မိုင်၊ ၃ ဒသမ ၃၆၄ ဖာလုံရှိ၍ မြေသား ၂ ပေထုတင်၍ ဆောင်ရွက်ခဲ့ပြီး Slab Culvert (၂) စင်း ပါဝင်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ဒီကျေးရွာလမ်းလေးဟာ အရင်ကတော့ လှည်းနွားနှင့် မော်တော်ဆိုင်ကယ်/ ကား သွားလာဖို့ အင်မတန်ခက်ခဲခဲ့ကြောင်း သိရပါတယ်။ အခု လမ်းလေးဖောက်လုပ်ပြီးစီးတဲ့ အချိန်မှာတော့ ဒီလမ်းရဲ့ လမ်းဘေးဝဲ/ယာမှာရှိတဲ့ မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ပြောင်း အစရှိတဲ့ သီးနှံတွေကို နေ့ညမပြတ် လျင်မြန်လွယ်ကူစွာ သယ်ယူပို့ဆောင်သွားနိုင်မှာဖြစ်တဲ့အပြင် လမ်းဘေးဝဲ/ယာမှာရှိတဲ့ လယ်/ယာဧကပေါင်း ၅၂၀ ဧကနဲ့ စိုက်ပျိုးတောင်သူ ၄၄၃ ဦးကို အကျိုးပြုသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်းက ပြောသည်။

 

အဆိုပါ ညောင်ပင်သာ - ထန်းတောဦး ကျေးလက် ကုန်ထုတ်လမ်းကို အမှီပြု၍ အနီးဝန်းကျင်ရှိ ကျေးရွာ (၈) ရွာ၊ အိမ်ခြေ (၈၅၄) အိမ်၊ လူဦးရေ ၄၂၄၅ ဦးတို့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် အကျိုးပြုသွားနိုင်မည်ဖြစ်ကြောင်း၊ တောင်သူ (၄၄၃) ဦးတို့၏ လယ်/ ယာ ၅၂၀ ဧက၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုက်ရိုက်အကျိုးပြု သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)