နေပြည်တော် နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး(အရှေ့) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက  ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်ကြားသင်ယူမှု ဖြစ်စဉ် အရ တီထွင်ဖန်တီးသည့်အဆင့်ရောက်ရှိအောင် သင်ကြားပေးနိုင်ရန် ယခုလိုသင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချမှုသည် အင်မတန် အရေးကြီးသည့် အချက်တစ်ခုဖြစ်ကြောင်း၊ သင်ယူမှူဖြစ်စဉ် သင်ယူမှုတြိဂံအရ (Practice doing) ဟုခေါ်သည့် လေ့ကျင့်လုပ်ဆောင်ခြင်းကြောင့် သင်ယူမည့် အကြောင်းအရာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်သူများက ရရှိကြမည်ဖြစ်သည့်အတွက် စနစ်သစ်ပညာရေး၏ ရည်ရွယ်ချက်ကို အချိန်တိုအတွင်းရောက်ရှိအောင် အထောက်အကူဖြစ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာ ရေးနှင့်ကျန်းမာရေးကဏ္ဍများတွင် ဘဏ္ဍာငွေအမြောက်အများအသုံးပြုပြီး ခေတ်မီဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်လျှက်ရှိ၍ နိုင်ငံတော်၏ စေတနာကိုနားလည်သိရှိပြီး ဆရာ၊ ဆရာမများအနေဖြင့် သင်ထောက်ကူပစ္စည်းများ အသုံးချနိုင်မှုကို ကြိုးပမ်းသင်ယူကြရန် ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး  ဦးစိုးလွင်က သင်တန်း ဖွင့်လှစ် သင်ကြားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ တာဝန်ရှိသူများက ပဲခူးတက္ကသိုလ်မှ သင်တန်းနည်းပြများနှင့် သင်တန်းသား ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး စာသင်ခန်းများအတွင်း သင်ခန်းစာများသင်ယူ၊ သင်ကြားနေမှုတို့ကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)ရှိ ပဲခူး၊တောင်ငူ၊ညောင်လေးပင် ခရိုင်တို့မှ ဓာတုဗေဒဘာသာရပ် အတွက် ဆရာ၊ဆရာမ (၃၄၆)ဦး၊ ရူပဗေဒဘာသာရပ်အတွက် ဆရာ၊ဆရာမ (၅၉၃)ဦး၊ ဇီဝဗေဒဘာ သာရပ်အတွက် ဆရာ၊ဆရာမ (၄၀၅)ဦး တက်ရောက်သင်ယူကြမည်ဖြစ်ပြီး ပဲခူးတက္ကသိုလ်မှ ဓာတုဗေဒ၊ ရူပေဗဒ၊ ဇီဝေဗဒဌာနများရှိ ပါမောက္ခများ၊ ဌာနမှူးများက တာဝန်ယူကာ နိုဝင်ဘာ (၁၂ ရက်၊ ၁၃ ရက်၊ ၁၉ ရက်၊ ၂၀ရက်၊ ၂၆ရက်နှင့် ၂၇ရက်တို့တွင် သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) တွင်လည်း ပြည်တက္ကသိုလ်မှ ပါမောက္ခများ၊ ဌာနမှူးများက  တာဝန်ယူပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်