နေပြည်တော် နိုဝင်ဘာ ၁၃ 

သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း သည် တာဝန်ရှိ သူများနှင့်အတူ  နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်း က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ကုန်းမြေရှိ အကြီးစားပြင်ဆင် မွမ်းမံဆောင်ရွက်နေသော မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့်  အရည်အသွေး စံမီသော သတ်မှတ်ပစ္စည်းများ သုံးစွဲရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ  ဓာတ်လှေခါးအသစ် တပ်ဆင်ပြီးစီးမှုနှင့် လေအေးပေးစက်များ အသစ်လဲလှယ်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည်  နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမအစည်းအဝေး ကျင်းပမည့် ဝိဇယမင်္ဂလာဓမ္မသဘင်သို့ ရောက်ရှိပြီး  အစည်းအဝေးအတွက် ခင်းကျင်းပြင်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးသည် ကမ္ဘာအေးကုန်းမြေ၊ မဟာနာယက ကျောင်းတော်ကြီးသို့ ရောက်ရှိပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အား ဖူးမြော်ကြည် ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်း က ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ နှင့်အတူ  ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်မင်းကျောင်း ပထမပြန်ကျောင်းတိုက်သို့  ရောက်ရှိပြီး  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအား ဖူးမြော်ကြည်ညိုကာ  လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဒုတိယဝန်ကြီးသည်  ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာနာယက ကျောင်း တော်ကြီး၏ ဘုရားခန်းမ၌ ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမ ညှိနှိုင်းအစည်းအဝေး၊ ပထမနေ့နှင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသည့် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမညှိနှိုင်းအစည်းအဝေး၊ ဒုတိယနေ့များသို့ တက် ရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်