အောင်ထက်လင်း (ကြိမ်ချောင်း)
ကော်ဖီသည် ကမ္ဘာ့ကုန်စည်ဈေးကွက်တွင် ရေနံရောင်းဝယ်မှုပြီးလျှင် ဒုတိယအဆင့် အရေးပါ ဆုံးသော တန်ဖိုးမြင့် သီးနှံကုန်စည်တစ်ခုဖြစ်သည်။ ကော်ဖီသည် ရေပြီးနောက် ဒုတိယအများဆုံး သောက်သုံးသောဖျော်ရည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ တောင်သူပေါင်း ၂၅ သန်းကျော်သည် ကော်ဖီစိုက်ပျိုးရေးတွင် ပါဝင်ပတ်သက်နေကြသည်။ ယနေ့ကာလတွင် အလေးထား စိုက်ပျိုးသင့်သည့် သီးနှံမှာ ကော်ဖီဖြစ်သည်။ အော်ဂဲနစ်ကော်ဖီအတွက် ကမ္ဘာ့ ဝယ်လိုအားသည် ၂ဝ၂၆ ခုနှစ်တွင် နှစ်ဆတိုးလာမည် ဟု နိုင်ငံတကာကော်ဖီဈေးကွက် ကျွမ်းကျင်သည့် အဖွဲ့အစည်းများက ခန့်မှန်းထားသည်။ ကော်ဖီသည် မှတ်ဉာဏ်ကိုကောင်းမွန်စေပြီး ကော်ဖီကို ပုံမှန်သောက်သုံးခြင်းသည် စိတ်ကျရောဂါဖြစ်နိုင်ခြေကို ၆၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း လေ့လာ မှုများရှိခဲ့ပြီးဖြစ်သည်။ ထို့ပြင် စိတ်ကိုလန်းဆန်းစေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အာရုံကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးခြင်း စသည့် ကော်ဖီနှင့်ဆက်စပ်သော ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေကြောင်း သိရသည်။
ကော်ဖီသောက်ခြင်း၏ အရေးပါမှုသည် ကာလကြာလာသည်နှင့်အမျှ တိုးတက်မှုရှိနေသဖြင့် ကော်ဖီ အနားယူချိန် (Coffee Break) သည်ပင်လျှင် လုပ်ငန်း ခွင်များ၌ အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်လာသည်။ ကော်ဖီသောက်ခြင်းသည် စီးပွားရေးနှင့် လူမှုဆက်ဆံရေးဆိုင်ရာများကို ထိန်းသိမ်းရန်အတွက် လိုအပ်ချက်တစ်ခုဖြစ်သည်။ ကော်ဖီသည် တစ်နှစ်လျှင် ဒေါ်လာ ၄၂ ဘီလီယံကျော် တန်ဖိုးရှိသည့် လုပ်ငန်းဖြစ်သည်။ စစ်တမ်းများက ကမ္ဘာတစ်ဝန်းတွင် နေ့စဉ်သောက်သုံးနေကြသော ကော်ဖီခွက်ရေ ပေါင်း ၂ ဒသမ ၆ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းကြသည်။ ဥရောပနိုင်ငံများသည် ကော်ဖီသောက်သုံးမှု အများဆုံးနိုင်ငံများဖြစ်သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ကော်ဖီသောက်သုံးမှု အပြင်းထန်ဆုံး တိုးလာသည့်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။
တစ်နိုင်ငံလုံးတွင် စိုက်ဧကလေးသောင်းကျော်ရှိ
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးမှုကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသ၊ ချင်းပြည်နယ် တီးတိန်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံဒေသတို့တွင် အဓိကစိုက်ပျိုးလျက်ရှိသည်။ တစ်နိုင်ငံလုံးတွင် စိုက်ဧကလေးသောင်းကျော်ရှိသည့်အနက် အသီးခူး ဧက သုံးသောင်းကျော်ရှိကြောင်း သိရသည်။ တစ်နှစ်လျှင် ကော်ဖီတန်ချိန် ၉၀၀၀ ကျော်ထွက်ရှိသဖြင့် နိုင်ငံခြားဝင်ငွေ နှစ်စဉ်ရရှိနေသည့် လုပ်ငန်းဖြစ်သော်လည်း ပြည်ပမှ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၅ဝ ခန့်တန်ဖိုးရှိသော ကော်ဖီမှုန့်များ တင်သွင်း နေရဆဲဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် အရှေ့တောင်အာရှ ကော်ဖီစိုက်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက နည်းပညာအားနည်းမှု၊ သတင်းအချက်အလက်ဖလှယ်မှု လိုအပ်ချက်နှင့် ကော်ဖီသီးနှံဈေးကွက် ဝေစုရရှိမှုများ အားနည်းနေသဖြင့် ဖွံ့ဖြိုးမှုနောက်ကျနေသေးသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။
ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)
ခရီးသွားများအကြား ထင်ရှားသည့် ပြင်ဦးလွင် ဒေသသည် ကော်ဖီစိုက်ဒေသတစ်ခုဖြစ်သည်။ ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ဧက ၁ဝဝဝဝ ခန့် ရှိပြီး ပြင်ဦးလွင်ကော်ဖီသည် ဈေးကွက်အတွင်း နာမည်ရရှိနေပြီဖြစ်သည်။ ကော်ဖီမြို့တော် ပြင်ဦးလွင်အဖြစ် ပိုမိုထင်ရှားစေရန် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်) ကို ပြင်ဦးလွင် ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park)အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။ ပြင်ဦးလွင် ကော်ဖီဥယျာဉ်အဖြစ် တည်ဆောက်နေသော ကော်ဖီနည်းပညာဖွံ့ဖြိုးရေး ခြံ (ပွေးတောင်)သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုးကားလမ်းမကြီးဘေးတွင် တည်ရှိသည်။ ဧရိယာအားဖြင့် ၃၈၆ ဒသမ ၃ ဧက ကျယ်ဝန်းပြီး မြန်မာ့ကော်ဖီကို ကမ္ဘာကသိလာစေရန် အထောက်အပံ့များစွာပြုနိုင်ခဲ့သည့် ကော်ဖီခြံတစ်ခုဖြစ်သည်။ ပြင်ဦးလွင်ကော်ဖီဥယျာဉ်၌ ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ် ပိုမိုထင်ရှားစေရန်၊ မြန်မာ့ကော်ဖီအရည်အသွေး ပိုမိုမြင့်မားလာ၍ ထုတ်လုပ်မှုပမာဏတိုးတက်လာပြီး ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန်အတွက် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ၊ ပညာပေးသင်တန်းများ၊ မျိုးစေ့ပျိုးပင် ပျိုးထောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းပို့ချ
ချင်းပြည်နယ် ရိခေါဒါရ်မြို့၊ ကရင်ပြည်နယ် သံတောင်မြို့၊ ရှမ်းပြည်နယ် နောင်ချို၊ ဟိုပုံးနှင့် ပင်းတယမြို့နယ်မှ အသေးစားကော်ဖီစိုက်တောင်သူ အစုအဖွဲ့ငယ်များပါဝင်သော သင်တန်းသား ၄၈ ဦး ကို ပြီးခဲ့သည့်ဧပြီလအတွင်း ရက်တိုသင်တန်းဖွင့်လှစ်ကာ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်း ပို့ချပေးနိုင်ခဲ့သည့်အပြင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းသုံးကိရိယာများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် ခြံအဆင့်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ကော်ဖီနှင့် ပတ်သက်သော အသိပညာများ ပိုမိုလွယ်ကူစွာ ပြန့်ပွားရေးနှင့် တစ်နေရာတည်းတွင် လွယ်ကူလျင်မြန်စွာ ရောင်းဝယ်ဖောက်ကားနိုင်သော ကော်ဖီဈေးကွက်တစ်ခုကို ဆောင်ရွက်ပေးသည့် လုပ်ငန်း၊ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေနိုင်သော အနားယူ အပန်းဖြေရေးလုပ်ငန်းဖြစ်လာစေရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စီမံအကောင်အထည် ဖော်လျက်ရှိသည်။
စိုက်ပျိုးရေးဦးစီးဌာနသည် ကော်ဖီဥယျာဉ်တွင် မွှေးရနံ့နှင့်ပတ်သက်၍ ထူးခြားသော မြေနိမ့်ကော်ဖီ မျိုးဖြစ်သည့် သက်တမ်းရင့် လိုက်ဘေးရီးကား ကော်ဖီညီနောင်နှင့် ပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးနိုင်သော ကော်ဖီမျိုးဆယ်မျိုး၏ မျိုးအလိုက် မျိုးထိန်းစိုက်ကွက်များ တည်ထောင်ခြင်း၊ ကော်ဖီထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် အသုံးပြုသော စက်ကိရိယာများ (Coffee Processing Plant) ကို ခင်းကျင်းပြသခြင်း၊ ကော်ဖီနှင့်ပတ်သက်၍ လေ့လာနိုင်မည့် Information Center, Coffee Knowledge Center မုခ်ဦးနှင့် ကားပါကင်ဆောက်လုပ်ခြင်း၊ ခြံအတွင်းပတ်လမ်းဖောက်လုပ်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းနှင့် ကော်ဖီဥယျာဉ်အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)အား ယခုကဲ့သို့ ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် ပြောင်းလဲဖော်ဆောင်နိုင်ခြင်းအားဖြင့် မြန်မာ့ ကော်ဖီသမိုင်း၊ ကမ္ဘာ့ကော်ဖီသမိုင်း၊ ပြည်သူအများ မသိရှိသေးသော ကော်ဖီသီးနှံ၏ သဘောသဘာဝများ၊ သတင်းအချက်အလက်များကို အခြေခံ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကော်ဖီထွက်ကုန်များအား ဈေးနှုန်းမှန်ကန်၊ မြန်ဆန်စွာဖြင့် တစ်နေရာတည်းတွင် ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းကို ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် အာရေးဗီးကားကော်ဖီစေ့ကို ၇၀ ရာခိုင်နှုန်း အသုံးပြုကြကြောင်း၊ ရိုဘက်စတာ ကော်ဖီစေ့ကို အသုံးပြုမှုနည်းသော်လည်း အခါးဓာတ်များ၍ ကဖိန်းဓာတ်နှစ်ဆပိုသဖြင့် နှစ်သက်သူများကြောင်း၊ လက်ရှိနိုင်ငံပေါင်း ၅၀ ခန့်မှ တောင်သူ များသည် ကော်ဖီစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ဈေးကွက်ဝင် ကော်ဖီမျိုး စိုက်ပျိုးလျက်ရှိသည်။ လက်ရှိကော်ဖီစိုက် ဧက သုံးသောင်းကျော်ရှိပြီး ဒေသအလိုက် ကော်ဖီစေ့မှ ကော်ဖီမှုန့်ဖြစ်လာသည့် အာရေးဗီးကားနှင့် ရိုဘက်စတာမျိုးနှစ်မျိုးကို အဓိကစိုက်ပျိုးကြသည်။ ပြင်ဦးလွင်ဒေသသည် ကော်ဖီစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ကော်ဖီစိုက်ဧက တစ်သောင်းကျော်ရှိကာ ဈေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်သည်။
ဝယ်လိုအားမြင့်တက်
မြန်မာ့ကော်ဖီဈေးကွက်တွင် ပြည်တွင်း ပြည်ပ ဝယ်လိုအားကောင်းလာသောကြောင့် ကော်ဖီစေ့ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့်အထိ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်း မှ သိရသည်။ ယခင်က ကော်ဖီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄ဝဝဝ မှ ၄၅ဝဝ ခန့် ပေါက်ဈေး ရှိနေသော်လည်း လက်ရှိတွင် ဝယ်လိုအားမြင့်တက် လာသောကြောင့် အမေရိကန်ဒေါ်လာ ၄၅ဝဝ မှ ၅ဝဝဝ အထိ ဈေးရရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက စုစုပေါင်း နှစ်သိန်းကျော်ကို အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိရာ ဧက ၅ဝဝဝ ကျော်သာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ် ကော်ဖီစေ့တန်ချိန် ၉ဝဝဝ ကျော် ထွက်ရှိကြောင်း သိရသည်။ ကော်ဖီများကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဒူဘိုင်း၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်နှင့်ဂျာမနီတို့သို့ လည်း တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ကော်ဖီစေ့တန်ချိန် ၅ဝဝ နီးပါး တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် အီတလီနိုင်ငံ ဘာရီမြို့ရှိ ဆေးဝါးသုတေသနပညာရှင်များက အသက်အရွယ်ကြီးရင့်သူ ၁၄၀၀ အား စမ်းသပ် လေ့လာခဲ့ရာ၌ မပြင်းလွန်း မပျော့လွန်း အလယ် အလတ်စား ကော်ဖီသောက်သုံးသည့်အလေ့အကျင့် သည် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုကြောင်း တွေ့ရသည်။ လေ့လာမှုကို အီတလီဘာရီအယ်လ်ဒိုမော်ရိုတက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသက် (၆၅)နှစ်မှ (၈၄) နှစ် အရွယ်ကြား သက်ကြီးပိုင်း ၁၄၄၅ ဦး၏ ကော်ဖီ သောက်သုံးခြင်းနှင့် အာရုံကြောဆိုင်ရာ ကျန်းမာ သန်စွမ်းခြင်း ဆက်နွှယ်နေမှုအပေါ် သုံးနှစ်ကြာ အချိန်ယူ၍ လေ့လာခဲ့သည်။ နေ့စဉ် ကော်ဖီနှစ်ခွက်သောက်သုံးခြင်းက ဦးနှောက်၏ စွမ်းအင်ကို တိုးတက်လာစေနိုင်ကြောင်းနှင့် အဆိုပါတွေ့ရှိမှုအား အယ်လ်ဇိုင်းမားဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကော်ဖီ၏ ခါးသက်သက်အရသာက လျှာရင်းမြက်စေသလို နက်ရှိုင်းသည့်ရနံ့ကို ရှူရှိုက် မိတိုင်း စိတ်ဘဝင်ကို ကြည်လင်လန်းဆန်းသွားစေသည်ဟု ကော်ဖီချစ်သူများက မှတ်ချက်ချကြသည်။ နိုင်ငံတကာ ဆေးသုတေသီများ၏ စစ်တမ်းများအရ နံနက်အိပ်ရာနိုးထပြီးနောက် တစ်နာရီခန့်အကြာသည် ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန်ဖြစ်ကြောင်း လေ့လာသိရှိရသည်။ ကော်ဖီမသောက်ခင် အစားအစာ အဖတ်တစ်ခုခုဖြစ်စေ၊ ပေါင်မုန့်ကြမ်းတစ်ချက်ဖြစ်စေ စားပြီးမှသာ သောက်ကြပါရန် အကြံပြုထားသည်။ နေ့လယ်စာစားပြီးနောက် တစ်နာရီကျော်အကြာနှင့် ညနေခင်းအချိန်များသည်လည်း ကော်ဖီသောက်ရန် သင့်တော်ကောင်းမွန်သည့် အချိန်များဖြစ်သည်။
ကော်ဖီကို အသက်အရွယ်အလိုက် အသင့်အတင့် ပုံမှန်သောက်သုံးခြင်း၊ သကြား၊ နို့ဆီ စသည့် အချိုလျှော့ထည့်သောက်ခြင်းတို့က ကျန်းမာရေး အကျိုးကျေးဇူးများစွာကို မလွဲမသွေရရှိစေသည်။ ၂၁ ရာစုတွင် အဖြစ်များသော စိတ်ကျရောဂါ၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါ၊ ပါကင်ဆန် (ခေါ်) ခြေတုန်လက်တုန်ရောဂါနှင့် နာတာရှည်ဆီးချိုရောဂါ အမှတ်-၂ စသည့်ရောဂါ တို့ကိုလည်း ကော်ဖီက အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ကြောင်း သိရသည်။ ကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင် ဒုတိယကုန်သွယ်မှုအများဆုံး ဖြစ်သည့်အလျောက် ကော်ဖီစိုက်ပျိုးသူများ အနေဖြင့် မြန်မာ့ကော်ဖီသည် အနံ့၊ အရသာ၊ အရောင်အသွေးကောင်းမွန်ရမည်ဖြစ်ပြီး အရည်အသွေးမြင့်ကုန်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် ရောင်းချနိုင်မည်ဆိုပါက ကမ္ဘာ့အလယ်တွင် မြန်မာ့ကော်ဖီဈေးကွက် ခိုင်ခိုင်မာမာရပ်တည် နိုင်မည်ဖြစ်သည်။
ကော်ဖီသည် စိုက်ပျိုးသည့် ရေမြေရာသီဥတု ပထဝီအနေအထားတို့ကိုလိုက်၍ ကော်ဖီစေ့၏ အနံ့၊ အရသာတို့ အမျိုးမျိုး ကွဲပြားခြားနားလျက်ရှိရာ မြန်မာ့ကော်ဖီသည်လည်း ကမ္ဘာ့ကော်ဖီ ဈေးကွက်တွင် အမည်ကောင်းရရှိထားပြီးဖြစ်သလို အရေးပါသည့် တန်ဖိုးမြင့်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရန် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ အရည်အသွေးမြင့် မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် နေရာရရှိလာရေးအတွက် မြန်မာ့ကော်ဖီထုတ်လုပ်သူများနှင့် အဖွဲ့အစည်းများက အားထုတ်ကြိုးပမ်းကြရာတွင် မြန်မာ့ကော်ဖီ၏ ကိုယ်ပိုင်ထူးခြားသည့် အနံ့၊ အရသာတို့ကို သောက်သုံးသူများနှင့် ကမ္ဘာ့ဈေးကွက်က သိရှိလာရေးအတွက် ဈေးကွက်မြှင့်တင်မှုဆိုင်ရာ မဟာဗျူဟာနည်းပညာများဖြင့် အစီအစဉ်ချမှတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။