တင်ထက်ထက်ဇော်

အာရှတိုက်အတွင်းရှိ တောင်ကိုရီးယား၊  အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် လူစုလူဝေး ပြိုကျမှု ဘေးအန္တရာယ်များကြောင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြကြောင်း နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်များအရ လေ့လာသိရှိရပါသည်။ အဆိုပါ ဖြစ်ရပ်သုံးခုလုံးတွင် ဖြစ်စဉ်အခြေခံအကြောင်းအရာ ခေါင်းစဉ်မတူကြသော်လည်း လူဦးရေနှင့် သိပ်သည်းဆမမျှတမှုကြောင့် ဘေးအန္တရာယ်ဖြစ်ပေါ်ရသည့် ဝမ်းနည်းဖွယ် ဖြစ်ရပ်တို့ဖြင့်သာ နိဂုံးချုပ်ကြရလေသည်။

အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာလ ၁ ရက်နေ့က ဘောလုံးပွဲအပြီးတွင် ပရိသတ်များ၏ အကြမ်းဖက်မှုကိုရပ်တန့်ရန် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ အပြေးအလွှား ထွက်ပြေးမှုများကြောင့် အချင်းချင်း တက်နင်းမိခြင်းနှင့် အသက်ရှူကျပ်ခြင်းများဖြစ်ပေါ်ကာ လူပေါင်း ၁၂၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၌ အောက်တိုဘာလ ၂၉ ရက်နေ့ညပိုင်းက ကျင်းပ သော Holloween (ဟောလိုးဝင်း) ပွဲတော်အပြီး လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့သည်။ ပါတီပွဲသွားသူ အများစုသည် မျက်နှာဖုံးများနှင့် ဟောလိုးဝင်းဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သေဆုံးသူအများစုမှာ အသက် (၂၀) ဝန်းကျင် ဆယ်ကျော်သက်များ ဖြစ်ကြသည်။ ထိုပွဲကို နိုင်ငံခြားသားများအပါအဝင် လူပေါင်းတစ်သိန်းခန့် လာရောက်ဆင်နွှဲကြပြီး ကျဉ်းမြောင်းသည့် လမ်းကြားအတွင်း လူအုပ်ကြီး ပြိုကျပိတ်မိသွားရာ အသက်ရှူကျပ်ခြင်း၊ တစ်ဦးကိုတစ်ဦး တက်နင်းမိခြင်းများကြောင့် လူသေဆုံးမှု များဖြစ်ပေါ်ခဲ့သည့်အပြင် မရေမတွက်နိုင်သော လူအမြောက်အမြားလည်း ဒဏ်ရာရရှိခဲ့သည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် အောက်တိုဘာ ၃၀ ရက် ညပိုင်းက ရာစုနှစ် တစ်ခုကြာသက်တမ်းရှိ သံမဏိကြိုးဆိုင်းတံတား ပျက်ကျမှုကြောင့် ရာနှင့်ချီသောလူများ ရေထဲသို့ ပြုတ်ကျပြီး လူ ၁၄၀ ထက်မနည်း သေဆုံးခဲ့သည်။ အရှည် ၂၃၂ မီတာရှိ အဆိုပါ ကြိုးဆိုင်းတံတားကို လူဖြတ်သန်းခွင့် ခြောက်လနီးပါးကြာပိတ်၍ ပြုပြင် ထိန်းသိမ်းမှုများပြုလုပ်ခဲ့ပြီးနောက် ဂူဂျာရတီလူမျိုးများ၏ နှစ်သစ်ကူးကာလအတွက် ပြန်ဖွင့်ပေးခဲ့ပြီး လေးရက်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ကြိုးဆိုင်းတံတား ပျက်ကျချိန်တွင် တံတားပေါ်၌ လူပေါင်း ၄၀၀ အထိ ရှိနေကြောင်း သိရသည်။

ဖော်ပြပါ ဖြစ်ရပ်များသည် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး လူစုလူဝေးနှင့်ပတ်သက်သည့် ဘေးအန္တရာယ်များဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားပါသည်။ 

အလားတူဖြစ်ရပ်များစွာရှိခဲ့

ထိုသို့သော လူစုလူဝေးသိပ်သည်းမှုသည် အခန့်မသင့်ပါက လူ့အသက်ပေါင်းများစွာ ဆုံးရှုံးစေတတ်သည်ကို သာဓကများစွာ ရှိခဲ့ပြီးလည်းဖြစ်ပါသည်။ 

၂၀၁၇ ခုနှစ် ဇွန်လအတွင်းက အီတလီနိုင်ငံ တူရင်မြို့လယ်ကောင်တွင် ဘောလုံးပွဲကြည့်ရှုနေကြသည့် ထောင်ပေါင်းများစွာသော လူအုပ်စုကြီးသည် တစ်နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံကြောင့် ထိတ်လန့်တုန်လှုပ်ကာ ဝရုန်းသုန်းကား ထွက်ပြေး ရာကနေ လူပေါင်း ၁၅၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ 

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဘုရားဖူးခရီးစဉ်အတွင်း လူအုပ်ကြီးပိမိမှုကြောင့် သေဆုံးသူ ၂၀၀၀ ကျော် အထိရှိခဲ့ကြောင်း သတင်းများက ဖော်ပြကြသည်။

မှတ်တမ်းများအရ ၁၉၉၂ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဆယ်နှစ်အတွင်း လူစုလူဝေးပြိုကျမှုကြောင့် လူပေါင်း ၂၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူပေါင်း ၆၆၀၀၀ ကျော်ရှိကြောင်း လေ့လာမှုတစ်ခုက တွက်ချက်ထားပါသည်။ သို့သော် ၂၀၁၅ ခုနှစ် မက္ကာ ဘုရားဖူးခရီးစဉ်အတွင်း လူအုပ်စုကြီးပိမိမှုကြောင့် သေဆုံးမှုမှာ သမိုင်းဝင်ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်သည်။ 

အဆိုပါ ဖြစ်စဉ်များကို လေ့လာကြည့်ပါက ထုထည်ကြီးမားသော လူစုလူဝေးတစ်ခုအတွင်း အထိတ်တလန့်ဖြစ်မှုတစ်ခုခုကြောင့် လူအများ ထွက်ပြေးကြစဉ် တွန်းတိုက်မိခြင်း၊ လဲကျကာဖိမိခြင်း၊ အသက်ရှူကျပ်၍လဲကျခြင်း၊ တက်နင်းမိခြင်း စသည်တို့ ဖြစ်ပေါ်လေ့ရှိသည်။ ထိုအခါ ဒေါင်လိုက် စုပုံခြင်းကြောင့်ဖြစ်ရသည့် ပြိုလဲကျနေသူများထံ ဖိမိခြင်း သို့မဟုတ် လူအများစုပေါင်း၍ အနင်းခံရခြင်း သို့မဟုတ် ထွက်ပေါက်ပိတ်နေသော အတားအဆီးတစ်ခုခုရှိနေခြင်းတို့ကြောင့် အသက်ဆုံးရှုံးမှု ဖြစ်ပေါ်လေ့ရှိပါသည်။

လူစုလူဝေးနှင့် သိပ်သည်းဆ လေ့လာမှုများအရ လူစုလူဝေး၏ သိပ်သည်းဆသည် -

တစ်စတုရန်းမီတာလျှင် လူလေးဦးရှိလာပါက ယင်းလူစုလူဝေးကြောင့် အန္တရာယ်အနည်းငယ် ရှိနိုင်ကြောင်း၊ 

တစ်စတုရန်းမီတာလျှင် လူလေးဦးမှ ငါးဦး၏ သိပ်သည်းဆသို့ ရောက်ရှိသည့်အခါ သို့မဟုတ် ကျော်လွန်သွားသောအခါတွင် လူတစ်ဦးချင်းစီ အပေါ်ဖိအားက လူစုလူဝေးကို သူ့အလိုလို ပြိုလဲသွားစေနိုင်ကြောင်း၊ 

တစ်စတုရန်းမီတာလျှင် ခြောက်ဦးမှ ခုနစ်ဦး အထိ လူအုပ်စုကြီးဖြစ်လာသောအခါ လူများ သည် တင်းကျပ်စွာစုစည်းရာမှ လှိုင်းလုံးသဖွယ်ဖြစ်လာကာ အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြေ ပိုများကြောင်း။

ထို့ကြောင့် ထိုသို့သော ထုထည်ကြီးမားသည့် လူစုလူဝေးအတွင်း သွားရောက်စဉ် တစ်စတုရန်းမီတာ (၁၀ စတုရန်းပေ) တွင် လူခုနစ်ဦးထက် ပိုနေသည်ကို သတိပြုမိပါက သတိထားရန်၊ လူစုလူဝေးကို ကြောက်ရွံ့တတ်သူများအနေဖြင့် ထိုသို့သော နေရာများကို အထူးရှောင်ကြဉ်ကြရန်လိုပါသည်။

အချုပ်အားဖြင့်ဆိုသော် လူစုလူဝေးများ ပြိုကျမှု၊ ကြီးမားသော လူအုပ်စုများအတွင်း အထိတ် တလန့်ဖြစ်မှုသည် အန္တရာယ်ရှိလောက်အောင် ပြည့်ကျပ်နေသည့်အခါ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်မှာ ဝမ်းနည်းဖွယ်ဖြစ်ရပ်များသာ မလွဲမသွေ ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့သော ဖြစ်ရပ်များသည် အားကစား၊ စီးပွားရေး၊ လူမှုရေး သို့မဟုတ် ဘာသာရေးပွဲများကဲ့သို့ ကြီးမားသော စုဝေးပွဲများတွင် ဖြစ်ပွားနိုင်သော်လည်း အဓိကအချက်မှာ ရှိသင့်သည့် ပမာဏထက် အဆမတန်များပြားသော လူစုလူဝေး သိပ်သည်းမှုကြောင့် ဖြစ်ရပါသည်။ 

သို့ပါ၍ ပျော်ပွဲရွှင်ပွဲဟုဆိုသော်လည်း လူစုလူဝေးနှင့် သိပ်သည်းဆ အဆမတန်ခြင်းက အဆုံး သတ်၌ မမျှော်မှန်းနိုင်သော ဝမ်းနည်းဖွယ်ဖြင့်သာ အဆုံးသတ်ရသည်ကို ကြိုတင်တွေးဆသင့်ပါကြောင်းနှင့် ထုထည်ကြီးမားသော လူစုလူဝေးသည် တစ်ခါတစ်ရံတွင် အသက်အန္တရာယ်ဖြစ်ပွားနိုင်သည်ကို အထက်ပါ သာဓကများမှတစ်ဆင့် သတိပြု ရှောင်ရှားကြစေလိုကြောင်း အကြံပြုရေးသားလိုက် ရပါသည်။ ။