၁၁ ဖေဖော်ဝါရီ
ယခုလို ဆောင်းအကုန် နွေအကူး ရာသီအကူးအပြောင်း ကာလတွေမှာ ကန်ရေတွေ လျော့နည်းလာတတ်တာကြောင့် သဘာဝရေအိုင်၊ ရေကန်ကြီးတွေနဲ့ ကျေးလက်တွေမှာရှိတဲ့ သောက်ရေကန်ကြီးတွေမှာ ငါးများ အစုအပြုံလိုက် သေဆုံးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ အတွင်းက မွန်ပြည်နယ် ဇင်းကျိုက်မြို့က မင်္ဂလာကန်တော်ကြီး နဲ့ အဲဒီရက်မတိုင်ခင်ကလည်း တွံတေးမြို့နယ်ထဲက သောက် ရေကန်ကြီးတစ်ကန်မှာ ငါးတွေ အစုအပြုံလိုက်သေကြတဲ့ သတင်းတွေကို ဖတ်ရှုလိုက်ရပါသေးတယ်။
အဲဒီသတင်းတွေကြောင့် ယခင်နှစ်တွေတုန်းက မန္တလေးက တောင်သမန်အင်းနဲ့ ကျိုင်းတုံက နောင်တုံကန်ကြီးထဲမှာ ငါးတွေသေလို့ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာကိုလည်း တစ်ဆက်တည်း သတိရလိုက်ပါတယ်။ ရာသီအကူးအပြောင်းကာလနဲ့ အပူချိန်မြင့်တက်တဲ့ရာသီတွေမှာ ကန်ရေတွေ ခန်းခြောက် လာပြီး ကန်အတွင်းရှိငါးတွေ အုပ်စုလိုက် သေကြေကြခြင်းဟာ အဓိကအားဖြင့်
(၁) ကန်ရေထုထည် ညစ်ညမ်းလာခြင်းနဲ့
(၂) ကန်အတွင်းရှိရေထုထည်နဲ့ ရှိနေတဲ့ငါးအချိုးအစား မမျှတခြင်းကြောင့်လို့ အကြမ်းအားဖြင့် သုံးသပ်နိုင်ပါ တယ်။
ကန်ရေထုထည်ညစ်ညမ်းခြင်း
ကန်ရေညစ်ညမ်းရခြင်းဟာ ပြင်ပကနေ ရေဆိုးရေညစ်တွေ စီးဝင်လာလို့ ညစ်ညမ်းရတာဖြစ်သလို ကန်အောက်ခြေမှာရှိတဲ့ နုန်းအနယ်အနှစ်တွေ ထူပြောလာတဲ့ အချိန်မျိုးတွေမှာလည်း ကန်ရေညစ်ညမ်းတတ်ပါတယ်။
ရေဆိုးရေညစ်များကြောင့် ကန်ရေညစ်ညမ်းခြင်း
ရေဆိုးရေညစ်လို့ဆိုရာမှာ (၁)လူနေအိမ်များမှစွန့်ပစ်သည့် ရေဆိုးရေညစ်၊ (၂) စက်ရုံများမှစွန့်ပစ်သည့် ရေဆိုးရေညစ်နဲ့ (၃)စည်ပင်သာယာကစွန့်ပစ်တဲ့ ရေဆိုးရေညစ်ရယ်လို့ ခွဲခြားနိုင်ပါတယ်။ လူနေအိမ်ခြေတွေက စွန့်ပစ်တဲ့ ရေဆိုးတွေမှာ ထမင်းကျန်၊ ဟင်းကျန်၊ ဆီအမျိုးမျိုးနဲ့ မစင်အနယ်အနှစ်တွေ ပါဝင်ပြီး စက်ရုံတွေကစွန့်ပစ်တဲ့ ရေဆိုးတွေမှာတော့ ဓာတုပစ္စည်း၊ ဩဂဲနစ်ဓာတ်ပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်းတွေနဲ့ များပြားလှတဲ့ အနယ်အနှစ်တွေ ပါဝင်ပါတယ်။ စည်ပင်က စွန့်ပစ်တဲ့ ရေဆိုးတွေမှာတော့ လူနေအိမ်ခြေနဲ့ စက်ရုံတွေက စွန့်ပစ်လိုက်တဲ့ နှစ်ရပ်ပေါင်း ရေဆိုးရေညစ်တွေ ပါဝင်ပါတယ်။
အဲ့ဒီ ရေဆိုးရေညစ်တွေမှာပါတဲ့ ဓာတုပစ္စည်း၊ အားပြင်း သောဓာတ်ပစ္စည်း စတာတွေက ရေထဲမှာပါတဲ့ အောက်ဆီဂျင်ကို လျော့နည်းသွားစေလို့ ရေထဲက ပျော်ဝင်အောက်ဆီဂျင်ကို အသုံးပြုနေရတဲ့ ရေနေသတ္တဝါတွေဟာ အောက်ဆီဂျင်ပြတ်လပ်ပြီး သေကြေပျက်စီးသွားကြတာပါ။ ဒါ့အပြင် ရေထုမှာ အောက်ဆီဂျင်မရှိတော့ဘဲ ပြတ်လပ်သွားတဲ့အခါမှာ ကန်ရဲ့ အောက်ခြေမှာရှိတဲ့ လေမလိုတဲ့ဘက်တီးရီးယား(Anaerobic) တွေက ဟိုက်ထရိုဂျင်ဆာလ်ဖိုက်(H2S)ကို စွန့်ထုတ်လိုက် တာကြောင့် ရေဆိုးတွေစီးဝင်တဲ့ကန်တွေမှာ ပုပ်အက်အက် အနံ့ဆိုးတွေ ဖြစ်ပေါ်စေတာပါ။
အခြား အကြောင်းအချက်တစ်ခုကတော့ ရေဆိုးရေညစ်တွေမှာ ပါဝင်လာတဲ့ အနယ်အနှစ်တွေနဲ့ ကန်အောက်ခြေမှ ထုထည်ကြီးမားတဲ့ နုန်းအနယ်အနှစ်တွေကြောင့် ကန်အတွင်း ရှိနေတဲ့ မလိုလားအပ်တဲ့ အမိုးနီးယားပါဝင်နှုန်းဟာ သတ်မှတ် ချက်ဘောင်(Parameter)ထက် ကျော်လွန်သွားတာကြောင့် ငါးအများအပြား သေဆုံးရခြင်းဖြစ်ပါတယ်။
ကန်အတွင်းရှိရေထုထည်နှင့် ငါးအချိုးအစား မမျှတခြင်း ကျောင်းကန်ဘုရားများမှာရှိတဲ့ ဘေးမဲ့ကန်များနဲ့ မြို့ရွာ များက အထိမ်းအမှတ်ရေကန်ကြီးများအတွင်းမှာ ကုသိုလ် ရေးအရ ငါးလွှတ်တဲ့အလေ့အထ ရှိကြပါတယ်။ အချို့သော ကန်များမှာ ရာသီဥတုအခြေအနေအရ အပူချိန်မြင့်မားလာမှုကြောင့် ကန်ရေထု နည်းပါးလာချိန်မှာ ရေထုအတွင်းက အောက်ဆီဂျင်ဟာလည်း လျော့ပါးလာပြီး အောက်ဆီဂျင်ကို သုံးစွဲတဲ့ ရေသတ္တဝါနဲ့ ရှိနေတဲ့အောက်ဆီဂျင်အချိုးတို့ မမျှတမှုကြောင့် ရေမှာပျော်ဝင်နေတဲ့အောက်ဆီဂျင် (Dissolved) ပြတ်လပ်ပြီးတော့လည်း ရေသတ္တဝါအများအပြား သေဆုံးရတတ်ပါတယ်။
ရေအနက် လေးပေရှိတဲ့ အကျယ်တစ်ဧက ကန်အတွင်းမှာ ငါးတစ်ကောင်အတွက်လိုအပ်တဲ့ ရေထုထည်ပမာဏဟာ အကြမ်းအားဖြင့် ၅၃ ကုဗပေ ရှိရပါမယ်။ အချို့ ငါးမျိုးစိတ် တွေဟာ ကန်အတွင်းမှာ သားပေါက်မွေးဖွားနိုင်တဲ့ အလေ့အထရှိတာမို့ အချိန်တိုအတွင်း အံ့ဩဖွယ်ကောင်းလောက်အောင် ငါးကောင်ရေ တိုးလာတတ်တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။
ငါးများရှင်သန်ရန် ရေအရည်သွေးသတ်မှတ်ချက်
ကန်အတွင်းမှာ ငါးမျိုးများ အကောင်းဆုံးရှင်သန်နိုင်မယ့် ကန်ရေအရည်အသွေးသတ်မှတ်ချက်ဘောင် (Parameter) ဟာ ငါးအမျိုးအစားအလိုက် ကွဲပြားမှု အနည်းငယ်ရှိပါတယ်။ ကန်အတွင်းရှိသင့်တဲ့ ကန်ရေအရည်အသွေး သတ်မှတ်ချက်က အကြမ်းအားဖြင့် ပျော်ဝင်အောက်ဆီဂျင်(DO) >5ppm ၊ ချဉ်ဖန်နှုန်း(PH) 6-9 ၊ အမိုးနီးယား(NH3) 0.02.0.05 နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) <8ppm ရှိသင့်ပါတယ်။ ရေမှာ အောက်စီဂျင်(O2) ပါဝင်နှုန်း၊ ရေရဲ့ချဉ်ဖန်နှုန်းစတဲ့ ရေအရည်အသွေးတိုင်းတာတဲ့ ကိရိယာ(Test Kit) တွေကို အလှမွေးငါး အရောင်းဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ ရပါတယ်။
ဂရုပြုရမည့်အရာများ
မိုးအကုန် ဆောင်းအကူး၊ ဆောင်းအကုန် နွေအကူး ရာသီ ကူးပြောင်းကာလများနဲ့ ပူပြင်းတဲ့ နွေရာသီတွေမှာ ကန်များကို အထူးဂရုပြု စောင့်ကြည့်ရမှာဖြစ်ပါတယ်။ နံနက်စောစောမှာ ကန်တွေထဲမှာ ငါးတွေ အုပ်စုလိုက်ပေါ်ပြီး အသက်ရှူနေကြရင် အောက်ဆီဂျင်ပြတ်လပ်တဲ့ လက္ခဏာပါပဲ။ ကန်အတွင်းမှာ အောက်စီဂျင်ရဖို့ ရေဒလက်များခုတ်မောင်းပေးခြင်း၊ ကန်ရေ လဲပေးခြင်း၊ ရေဖြည့်ပေးခြင်း၊ အစာဖြတ်ခြင်း၊ ငါးကောင်ရေ လျှော့ပေးခြင်းတွေနဲ့ သုံးနှစ်တစ်ကြိမ် ကန်အောက်ခြေက အနယ်အနှစ်များကိုဖယ်ထုတ်ပြီး အခြောက်လှမ်းခြင်းတွေ ပြုလုပ်ပေးရပါမယ်။
ဒါ့အပြင် ကန်ရေတွေဟာ ဆိုးရွားတဲ့အနံ့တွေထွက်လာရင် ရေထုတ်ရေသွင်းပြုပေးခြင်း၊ ငါးများကို ရွှေ့ပြောင်းပေးခြင်း၊ ရေဆိုးရေညစ်များ ကန်အတွင်းစီးဝင်ခြင်းမရှိအောင် တားဆီးခြင်းတို့ကိုလည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။
နည်းပညာအကူအညီ
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ငါးလုပ်ငန်းဦးစီး ဌာနရဲ့ ငါးလုပ်ငန်းစခန်းများ၊ ဓာတ်ခွဲခန်းများ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် NGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့(MFF)တွေကိုလည်း မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ဖွဲ့စည်း ထားရှိပါတယ်။ ငါးလုပ်ငန်းဆိုင်ရာ နည်းပညာများနဲ့ပတ်သက်လို့ လိုအပ်ရင် အဆိုပါဌာနများနဲ့လည်း ဆက်သွယ်ပြီး အကူအညီများ တောင်းခံနိုင်ပါကြောင်း ငါးမွေးမြူသူများအတွက် အသိပေး ရေးသားလိုက်ရပါတယ်။ ။
စံလွင် (ငါးဦးစီး)