ထားဝယ် နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့အစည်းအဝေးတွင် "Health and Safety Protocols တံဆိပ်ရရှိထားကြသည့် ဟိုတယ်များအား HSP တံဆိပ်များ ချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် တနင်္သာရီတိုင်းဒေသကြီးအတွက် အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် တိုင်းဒေသကြီးအတွင်းရှိသော သဘာဝသယံဇာတများဖြစ်သည့် ပင်လယ်ကမ်းခြေများ၊ တောတောင်များ၊ ကျွန်းများနှင့်ဆက်စပ်ပြီး တိုးမြှင့်လျှင် တိုးမြှင့်သလောက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ကြောင်း၊ တိုင်းအတွင်း ခရီးသွားဧည့်သည်များ ပိုမိုလာရောက်နိုင်ရန်၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များ ဖွင့်လှစ်နိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမှာဖြစ်ပြီး တစ်ခြားနေရာဒေသတွင် လုပ်ကိုင်နေသော တိုင်းဒေသကြီးရှိ လူငယ်များ ပြန်လည်ဝင်ရောက်လာနိုင်ကြောင်း၊ ယခု တိုင်းဒေသကြီးအတွင်း တွေ့ကြုံနေရသော တည်ငြိမ်အေးချမ်းမှု ရရှိနိုင်မည်ဆိုပါက ဒေသအတွင်းမှာရှိသော ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာဖြစ်ကြောင်း၊ ယခုအချိန်ကာလသည် ခရီးသွားရာသီဖြစ်၍ ခရီးသွားလုပ်ငန်းများ ပိုမိုဖြစ်ထွန်း အောင်မြင်ရမှာဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားဧည့်သည်များ လာရောက်မှုနည်းပါးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် ခရီးသွားဧည့်သည်များ လာရောက်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကြိုးစားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတကာအဆင့် အသိအမှတ်ပြု "Health and Safety Protocols - HSP" တံဆိပ်ရရှိထားကြသည့် ဟိုတယ်(၇)လုံးအား "HSP" တံဆိပ်များကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူးက ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကော်မတီမှဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းတင်ပြရာ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)