နေပြည်တော်၊ နိုဝင်ဘာ ၁၄
ကုန်းမြင့်လှေကားထစ် စပါးစိုက်ခင်းကို အခြေခံ၍ နှစ်သီးစား သီးနှံပုံစံသို့ ပြောင်းလဲစိုက်ပျိုး လုပ်ကိုင်နိုင်ပါက ဒေသနေပြည်သူများ ဝင်ငွေတိုးပွားလာမှုနှင့်အတူ လူနေမှုအဆင့်အတန်းလည်း တိုးတက်မြင့်မားလာမည်ဖြစ်၍ တောင်ကုန်း၊ တောင်တန်းများ ထူထပ်ပေါများစွာ တည်ရှိသော ဒေသများရှိ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးလုပ်ကိုင်နေမှုများကို ခေတ်မီလှေကားထစ်ကုန်းမြင့် လယ်ယာမြေများအဖြစ် ဖော်ထုတ်ပေးပြီး သီးထပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂)ကုန်းမြင့်ဒေသ လယ်ယာမြေဖော်ထုတ်ရေး စီမံကိန်းရုံး၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့စုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံ စိုက်ပျိုးရေးသုတေသနခြံသို့ ရောက်ရှိကြပြီး ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သော လယ်နှင့်ယာစပါးမျိုးများ၊ ပဲပုပ်၊ ပြောင်းသီးနှံမျိုးများဆိုင်ရာ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
သုတေသနပညာရှင်များနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသနှင့်သင့်လျော်သည့် အထွက်ကောင်း အရည်အသွေးကောင်း သီးနှံမျိုးများနှင့် စပ်မျိုးများ သုတေသနပြု မျိုးမွေးမြူရွေးချယ်ပေးရန် လိုအပ်ချက်များ၊ လက်တွေ့အသုံးချသုတေသန ရလဒ်များအား သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဌာနများနှင့် ပူးပေါင်း၍ တောင်သူလက်ဝယ်အရောက် ပို့ဆောင်ပေးရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အရှေ့မဲခေါင် ပုဂ္ဂလိက ဝက်မွေးမြူရေးခြံ၏ အသားတိုးဝက်မွေးမြူလုပ်ကိုင်နေမှုကို ကြည့်ရှုအားပေးပြီး ခေတ်မီသားသတ်ရုံ တည်ဆောက်ရေး၊ ဝက်သားပေါက်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား ဆွေးနွေးညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ကျိုင်းတုံမြို့နယ်၊ ဝမ်လုံကျေးရွာတွင်ရှိသော အသားတိုးဝက် မွေးမြူရေးခြံ၊ ဝက်သားပေါက်မွေးမြူရေးခြံ၊ ဥစားကြက်မွေးမြူရေးခြံ၊ ဥစားဘဲ မွေးမြူရေးခြံနှင့် နို့စားနွားမွေးမြူရေးခြံများ၊ အစ္စရေးမြက်ပျိုးခင်းများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်ငင်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် ရော်ဘာမိုးကာအုပ် အစေးခြစ်ခြင်းလုပ်ငန်းအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ကြပြီး တောင်သူ(၃၀)အား ရော်ဘာမိုးကာအုပ် အစေးခြစ်ခြင်း လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းလောအုပ်စု၊ ကျိုင်းဖောင်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် ဆိုလာစနစ်ဖြင့် မြစ်ရေတင်စိုက်ပျိုးကြမည့် တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်အားပေးကြပြီး တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်