နေပြည်တော် နိုဝင်ဘာ ၁၄
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်နေသော ကဲဝဲလ်အထွေထွေရောဂါကုဆေး ခန်းများသို့ရောက်ရှိပြီး အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင် ရွက်ပေးလျှက်ရှိနေသည်များကို ကြည့်ရှုစစ်ဆေးကာ အာမခံအလုပ်သမားများနှင့် တွေ့ဆုံ အားပေးသည်။
ရွှေပြည်သာမြို့နယ်၌ အကျုံးဝင်အာမခံအလုပ်သမား ၁၂၀၀၀၀ ကျော်ရှိပြီး လူမှုဖူလုံရေးကဲဝဲလ်အထွေထွေရောဂါကု ဆေးခန်း (ရွှေပြည်သာ)ကို အောက်တိုဘာ ၂၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ နိုဝင်ဘာ ပထမပတ်အထိ အာမခံအလုပ်သမား ၁၉၆၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့သည်။ အလားတူ မင်္ဂလာဒုံမြို့နယ်၌ အကျုံးဝင်အာမခံအလုပ်သမား ၉၆၀၀၀ ကျော်ရှိပြီး လူမှုဖူလုံရေးကဲဝဲလ် အထွေထွေ ရောဂါကုဆေးခန်း (မင်္ဂလာဒုံ)ကို မတ် ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ နိုဝင်ဘာ ပထမပတ်အထိ အာမခံအလုပ်သမား ၁၆၀၀၀၀ ကျော်ကို ကျန်းမာရေးစောင့် ရှောက်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းများသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အာမခံအလုပ် သမားများ မကျန်းမမာဖြစ်ခဲ့ပါက အကျုံးဝင် အာမခံအလုပ်သမားများအနေဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများကို လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများ အပြင် လူမှုဖူလုံရေးနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေသည့် ပုဂ္ဂလိကစာချုပ် ဆေးရုံ၊ ဆေးခန်းများတွင်ပါ ကုသမှု ခံယူနိုင်ကြောင်း၊ အဆိုပါ ဆေးရုံ၊ ဆေးခန်းများတွင် အဆစ်အမြစ် ကိုက်ခဲခြင်း၊ တုပ်ကွေး ရောဂါ၊ သွေးတိုးရောဂါ၊ အအေးမိ နှာစေးခြင်း၊ ဆီးချိုရောဂါ၊ အစာအိမ်နှင့် အူသိမ်ဆိုင်ရာ ရောဂါများ၊ ဗီတာမင်ချို့တဲ့ခြင်းနှင့် သွေးအားနည်းရောဂါများ၊ မီးဖွားခြင်းဆိုင်ရာ၊ အသက်ရှု လမ်းကြောင်းဆိုင်ရာနှင့် အရိုးရောဂါများကို ကုသမှုပေးလျက်ရှိပြီး လိုအပ်သော ဆေးဝါးများကို စာချုပ်ဆေးဆိုင်ကောင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း Fee For Service Payment ဆေးခန်း ၁၀ ခန်း၊ Capitation Payment ဆေးခန်း ၁၂ ခန်း၊ မီးဖွားဝန်ဆောင်မှု ဆေးခန်း ၇ ခန်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်