နေပြည်တော် နိုဝင်ဘာ ၁၄
ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းပြည့်ဝစေရန်နှင့် ရုံးလုပ်ငန်းများပိုမို ကျွမ်းကျင်စွာ တတ်မြောက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ် ရေးရာဦးစီးဌာန၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လူငယ်ရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ဦးစီးဌာန၏ မူဝါဒရည်မှန်းချက်များ ပြည့်မီစေရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများနှင့် ရုံးလုပ်ငန်းများကို အချိန်တိုအတွင်း ပိုမိုသိရှိနားလည်ပြီး ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန် အတွက်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် "လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့" ဆိုသည့်အတိုင်း "ဆယ်ကျော်သက်အရွယ် မြန်မာနိုင်ငံသားလူငယ်များ" ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်ရေးရာ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် လူငယ်ရေးရာဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ကဏ္ဍပေါင်းစုံမှ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများ တိုးတက်အောင် ယခုသင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများကို အပတ်တကုတ် ကြိုးစားသင်ယူကြရန် တိုက်တွန်းပြောကြားသည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာ ၁၄ ရက်မှ ၂၈ ရက်အထိ (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ရာ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၂၂)ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်