ကျောက်ဖြူ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ “နိုင်ငံဘက်စုံတိုးတက်ရေး နှင့် အမျိုးသားအောင်ပွဲ” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၁၈) ဦးတို့မှ လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားနေ့နှင့် ကျောင်းသားတာဝန်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ (၂၁)ဦးတို့မှ လည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် “အမျိုးသားအောင်ပွဲမှသည် နိုင်ငံတော် သစ်ဆီသို့” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၉)ဦးတို့မှလည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် “အမျိုးသားအောင်ပွဲ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၉) ဦးတို့မှ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲအား မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာနှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲအသီးသီး၌ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း