ပဲခူး နိုဝင်ဘာ ၁၆

         

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့၌ Nissan Sunny အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်လျက်ရှိသည့် Tan Choung Motor Myanmar စက်ရုံသို့ သွားရောက်ကြည့်ရှု အားပေးသည်။

 

ရှေးဦးစွာ Tan Choung Motor Myanmar  အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက စက်ရုံလည်ပတ်နေမှုကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးအတွင်း လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်မှု၊ အလုပ်ရှင် အလုပ်သမားပြဿနာကင်းရှင်းမှု၊ ရင်းနှီးမြှုပ်နှံရန် မြေနေရာများ လွယ်ကူစွာရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့နိုင်ရေး အားပေးနေမှုနှင့် နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှုစသည့် အခွင့်အလမ်းကောင်းများကို သတင်းစကားပေး၍ မိတ်ဖက်ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ ဖိတ်ခေါ်စေလိုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ဆိုလာလုပ်ငန်းများ၊ လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှ လိုအပ်သည်များ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စက်ရုံအတွင်း မော်တော်ကားတပ်ဆင် ထုတ်လုပ်မှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုသည်။

 

mdn

         

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကတွင်းခြံ ကျေးရွာအုပ်စုသို့ ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆားငံဒဏ်ခံ (ဆင်းသွယ်လတ်) မျိုးစေ့ထုတ် မိုးစပါး စံပြစိုက်ခင်း( ဒသမ ၆၀) ဧက ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးကာ ပဲခူးမြစ်ရေနှင့် စစ်တောင်းတူးမြောင်းရှိရေများ စိုက်ပျိုးရေးအတွက် အကျိုးရှိရှိ အသုံးပြုနိုင်ရေး၊ အဆင့်မြင့်လယ်ယာ ဧကကွက်များ ဖော်ထုတ်နိုင်ရေး၊ ကုန်ထုတ်လမ်းနှင့် ရေသွင်းမြောင်းများ တစ်ပါတည်း ထည့်သွင်းတည် ဆောက်ရန်၊ Drum Seeder အသုံးပြု၍ အစေ့ချစနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး အသိပညာပေးရန်နှင့် မြေလပ်မရှိ စိုက်ပျိုးနိုင်ရေးအတွက် စပါးစိုက်ပျိုး၍မရသော နေရာများတွင် ဈေးကွက်ဝင်အုန်းပင်များ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

         

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ စိန်သာလျောင်း ရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ပြီး ဘုရားအဝင်လမ်းအား အရှေ့ဘက်မုခ်ဦးထိပ်အထိ ကွန်ကရစ်လမ်းခင်းပေးရန်နှင့် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်